မြောက်ဦးယဉ်ကျေးမှုဒေသကို ယူနက်စကိုဝင်ရောက်နိုင်ရေး အပြီးသတ်အဆိုပြုလွှာမူချော တင်သွင်းပြီးစီး

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်(UNESCO)စာရင်းဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူချောကို ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်နေ့က တင်သွင်းလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

By DMG 03 Jan 2022

DMG ၊ ဇန်နဝါရီ ၃

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်(UNESCO)စာရင်းဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူချောကို ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်နေ့က တင်သွင်းလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပြုလွှာမူချောကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းရမည်ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှု အမြန်ပြီးစီးခဲ့သည့်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့ တင်သွင်းလိုက်ပြီဖြစ်သည်ဟု ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာန(ခွဲ) ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ကပြောသည်။

“ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားလက္ခဏာတွေ၊Unesco ဝင်ရောက်ဖို့ လိုအပ်တာတွေအကုန်လုံးကို ဒီဇင်ဘာ ၃၀ ရက်နေ့ကစာတွဲ file နဲ့ တွဲပို့လိုက်ပြီ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တင်သွင်းရမှာဆိုပေမယ့်လည်း လုပ်ငန်းတွေအမြန်ပြီးစီးတဲ့အတွက် တစ်လစောပြီးတင်သွင်းလိုက်တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ကော်မတီကိုပို့လိုက်တာ။ သူတို့ဆီက လက်ခံရရှိတဲ့အကြောင်းကိုတော့ အကြောင်းမပြန်သေးပါဘူး“ဟု ၎င်းကဆိုသည်။

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်(UNESCO) စာရင်းဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ပြင်သစ်နိုင်ငံကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်ကတင်သွင်းပြီးဖြစ်ကြောင်းလည်း ဦးသန်းဇော်ဦးကဆက်ပြောသည်။

“မူကြမ်းဆိုတာက မြောက်ဦးယဉ်ကျေးမှုနှင့်ပတ်သက်ပြီးတော့ အရေးပါမှုတွေ အကြမ်းတင်လိုက်တာဖြစ်တယ်။ မှုချောဆိုတာကတော့ အဲဒီအရေးပါတဲ့အချက်တွေနဲ့အတူ နိုင်ငံခြားသားပညာရှင်တွေနဲ့ ပူးပေါင်းရေးသားထားတဲ့ စီမံခန့်ခွဲမှုအစီအစဉ် အသေးစိတ်တွေကို တင်လိုက်တာပါ“ဟု ၎င်းကရှင်းပြသည်။

၂၀၂၂ ခုနှစ်တွင် သက်ဆိုင်ရာပညာရှင်များမှ မြောက်ဦးယဉ်ကျေးမှုဒေသကိုကွင်းဆင်းစစ်ဆေးပြီး ၂၀၂၃ ခုနှစ်ဇွန်လနှင့် ဇူလိုင်လတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက အစည်းအဝေးပြုလုပ်ကာ UNESCI ဝင်၊မဝင်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုဗစ်ရောဂါနှင့် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့် မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးမှုများ မပြုလုပ်နိုင်ခဲ့သဖြင့် အပြီးသတ်အဆိုပြုလွှာတင်သွင်းမှုကို တစ်နှစ်နောက်ဆုတ်ထားခဲ့ရသည်။

UNESCO စာရင်းဝင်ရောက်နိုင်ပါက မြောက်ဦးမြို့အနေဖြင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ခရီးသွားလုပ်ငန်း စသည်တို့မှာ ပိုမိုအားသာလာနိုင်ကြောင်းလည်း ပြောဆိုကြသည်။

မြောက်ဦးဒေသတွင် နန်းတော်ရာကုန်း၊ မြို့ရိုးတံတိုင်းများ၊ ခံတပ်များ၊ ကျူံးများ၊ ဘုရင်များ တည်ထားကိုးကွယ်ခဲ့သည့် ဘာသာရေးအဆောက်အအုံများ၊ စေတီပုထိုးများ စသည့်ထင်ရှားသော အဆောက်အအုံများ တည်ရှိသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းသုံးခုနှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့ကို အတည်ပြုသတ်မှတ်ခဲ့သည်။