မြောက်ဦး နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖယ်ရှားရန် ရှေ့/သုကအမိန့်ထုတ်

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိုဖယ်ရှားပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားထားကြောင်း သိရသည်။

21 Apr 2022

DMG ၊ ဧပြီ ၂၁

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိုဖယ်ရှားပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါနန်းရာကုန်းပတ်ဝန်းကျင်တွင် ဆိုင်ခန်းပေါင်း ၃၀ ကျော်ရှိပြီး (ဧပြီလ ၂၀ ရက်)တွင်နောက်ဆုံးထားဖယ်ရှားရမည်ဟု ဧပြီလ ၁၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်သည့် အဆိုပါညွှန်ကြားစာတွင်ပါရှိသည်။

ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ ၆ လအတွင်း မြောက်ဦးမြို့ရှိ ကျူးကျော်အဆောက်အအုံများကို အပြီးဖယ်ရှားသွားမည်ဖြစ်သည့်အတွက် ပထမအဆင့်အနေဖြင့် နန်းတော်ရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိုဖယ်ရှားရခြင်းဖြစ်သည်ဟု  ရှေးဟောင်းသုတေသနနှင့်

အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကပြောသည်။
“ဒီလိုမျိုးဆိုင်ခန်းတွေ၊ ကျူးကျော်တွေရှိနေတာ ယူနက်စကိုပညာရှင်တွေလာကြည့်တဲ့အခါ မြင်ကွင်းတွေကို ပိတ်ဆို့စေတယ်။ အဟန့်အတားဖြစ်တယ်။ အဲဒါကြောင့် ပထမအဆင့်အနေနဲ့ နန်းတော်ရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ကျူးကျော်တွေကို ဖယ်ရှားဖို့ခိုင်းတာ။ ဒီနေ့နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းထားတယ်။ မဖယ်ရှားဘူးဆိုရင်တော့ အာဏာပိုင်တွေက ဖယ်ဖျက်ရမယ်ပေါ့။ အစိုးရအဆောက်အုံတွေဖြစ်တဲ့ ဆေးရုံဟောင်း၊ စာသင်ကျောင်းတွေလည်းပါမယ်။ နန်းရာကုန်းပေါ်မှာရှိတဲ့ ကျူးကျော်တွေအကုန်လုံးပါပါတယ်“ဟု ၎င်းကပြောသည်။

နန်းတော်ရာကုန်း ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နေရာတွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ လဖက်ရည်ဆိုင်၊ ဆီဆိုင် စသည့်ဆိုင်ခန်း ၃၀ ကျော်ရှိသည်။ ယနေ့နောက်ဆုံးထားပြီး ဈေးဆိုင်များကိုဖယ်ရှားရမည် ဖြစ်သော်လည်း ချက်ချင်းပြောင်းရွှေ့ရန် အဆင်မပြေသေးကြောင်း ယခုလကုန်အထိစောင့်ဆိုင်းရန် ဆိုင်ပိုင်ရှင်များက တောင်းဆိုသည်။

“ဆိုင်ခန်းတွေကို ချက်ချင်းကြီးပြောင်းရွှေ့ပေးရမယ်ဆိုရင်တော့ ကျမတို့မှာ လုံးဝအဆင်မပြေနိုင်ပါဘူး။ တခြားနေရာကိုပြောင်းရွှေ့ဖို့အတွက် နေရာလည်းမရှိဘူး။ တစ်နေရာက တစ်နေရာကိုပြောင်းရွှေ့ဖို့အတွက် ပိုက်ဆံလည်းမရှိဘူး။ ကျမတို့မှာ ကိုယ်ပိုင်နေရာမရှိလို့ ဒီမှာလာပြီးရောင်းချနေတာပါ။ ဒီနေရာကို ဖယ်ရှားပေးရမယ်ဆိုရင်တော့ ကျမတို့မှာအကုန်လုံးအခက်အခဲပေါ့“ဟု ထမင်းဆိုင်ပိုင်ရှင် ဒေါ်ဦးမြသန်းကဆိုသည်။

ထိုသို့ဖယ်ရှားရမည့်ဆိုင်ခန်းပိုင်ရှင်များကို မြေနေရာအစားထိုးပေးရန်အစီစဉ်မရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အထက်ပါတာဝန်ရှိသူကပြောသည်။

နန်းတော်ကုန်းပတ်ဝန်းကျင်တွင်ရှိသည့် အစိုးရအဆောက်အအုံများ၊ စာသင်ကျောင်း၊ ဆေးရုံဟောင်း၊ ရှေ့/သုရုံစသည်တို့ကိုလည်း တစ်ဆင့်ချင်းဖယ်ရှားသွားမည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ယခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရှေးဟောင်းမြောက်ဦးမြို့ကို သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကာ လာမည့် ၂၀၂၃ ခု နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ ယူနက်စကိုစာရင်း ဝင်၊မဝင်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။