- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို မနက်ဖြန်ပြန်ဖွင့်မည်
ကိုဗစ်ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့်ယဉ်ကျေးမှုပြတိုက်တို့ကို အောက်တိုဘာ(၂၈)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
27 Oct 2021
DMG ၊ အောက်တိုဘာ ၂၇
ကိုဗစ်ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့်ယဉ်ကျေးမှုပြတိုက်တို့ကို အောက်တိုဘာ(၂၈)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
အဆိုပါပြတိုက်များ ပြန်လည်ဖွင့်လှစ်သည့်အခါ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ကိုဗစ်စည်းမျဉ်း၊စည်းကမ်းချက်များနှင့်အညီ ဝင်၊ခွင့်ပြုမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေ ဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဦးကြည်ခင်က DMG ကိုပြောသည်။
“ဒီနေ့အစည်းဝေးလုပ်တယ်။ ပြတိုက်တွေကို မနက်ဖြန်ပြန်ဖွင့်မယ်။ ပြတိုက်တွေကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဝင်၊ ထွက်သွားလာခွင့် လုပ်ဆောင်သွားမှာပါ“ဟု ၎င်းကဆိုသည်။
ပြတိုက်များကို ယခင်မူလအတိုင်း တနင်္လာတစ်ရက်ပိတ်ပြီး တစ်ပတ်လျှင် ၆ ရက် ဖွင့်သွားမည်ဖြစ်သည်။
ယဉ်ကျေးမှုပြတိုက် ဝင်ကြေးကို ယခင်သတ်မှတ်ထားသည့်အတိုင်း နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှင့် အရပ်သားတစ်ဦးလျင် ၂၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဗုဒ္ဓပြတိုက်ဝင်ခွင့်ကိုလည်း ယခင်မူလအတိုင်း အခမဲ့ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေ ဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဦးကြည်ခင်ကပြောသည်။
အဆိုပါပြတိုက်များကို ကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားခြင်းကြောင်း့ ၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ရှေးခေတ်အသုံးအဆောင်များ၊ ရှေးခေတ်ဝတ်စားဆင်ယင်မှုပုံစံ၊ ရခိုင်မျိုးနွယ်စု ၇ စုတို့၏ ဝတ်စားဆင်ယင်မှုပုံစံ၊ ရှေးခေတ်နေအိမ်၊ ဓားနှင့် မြောက်ဦးနန်းသုံးပစ္စည်းများကို သွားရောက်လေ့လာနိုင်သည်။