- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုက်ပွဲများကြောင့် မြဝတီ-ဥကရစ်ထ-ဝေါလေကားလမ်းကို စစ်ကောင်စီကပိတ်ထား
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါလေမြိုင် မြို့ သုံးထပ်ကွေ့လမ်းမအပိုင်း၌ ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းမှုကြောင့် မြဝတီ-ဥကရစ်ထ-ဝေါလေ ကားလမ်းမကို လက်ရှိတွင် ဒေသခံလမ်းသွားလမ်းလာမှုကို လုံးဝပိတ်ထားကြောင်း သတင်းရရှိသည်။
26 Aug 2022
DMG ၊ သြဂုတ် ၂၇
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါလေမြိုင် မြို့ သုံးထပ်ကွေ့လမ်းမအပိုင်း၌ ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းမှုကြောင့် မြဝတီ-ဥကရစ်ထ-ဝေါလေ ကားလမ်းမကို လက်ရှိတွင် ဒေသခံလမ်းသွားလမ်းလာမှုကို လုံးဝပိတ်ထားကြောင်း သတင်းရရှိသည်။
ဝေါလေမြိုင်မြို့ သုံးထပ်ကွေ့လမ်းမပိုင်း၌ သုံးရက်ကြာတိုက်ပွဲဖြစ်ပွားမှုအပြီးတွင် မြဝတီ-ဥကရစ်ထ-ဝေါလေ ကားလမ်းမပေါ်သို့ ဒေသခံများနှင့် ယာဉ်အသွားအလာများကို စစ်ကောင်စီတပ်ကပိတ်ဆို့ထားခြင်းဟု ဝေါလေမြိုင်မြို့ခံတစ်ဦးကပြောသည်။
“သုံးထပ်ကွေ့မှာ တိုက်ပွဲဖြစ်ပြီးတော့ မကြာဘူး။ ဥကရစ်ထနဲ့ ဝေါလေမြိုင်လမ်းကို စစ်တပ်က လမ်းပိတ်လိုက်တယ်။ အခုကတော့လမ်းပိတ်ထားပြီး ဒေသခံတွေ၊ ကားတွေကို လုံးဝသွားခွင့် မပေးဘူးဖြစ်နေတယ်”ဟု အဆိုပါ ဝေါလေမြိုင်မြို့ခံကပြောသည်။
ထို့အပြင် ဝေါလေမြိုင်-ဥကရစ်ထကားလမ်းမရှိ သုံးထပ်ကွေ့လမ်းပိုင်းနှင့် အခြားတဘက်၌ရှိသော သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်ဘက်ကိုလည်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF)ခွဲထွက်အဖွဲ့မှ နေရာယူကာ ပိတ်ဆို့ထားကြောင်း စုကလိ ကျေးရွာသားများထံမှ သိရသည်။
“အခုက ရွာထဲကနေ အပြင်ထွက်မရဘူးဖြစ်နေတယ်။ လမ်းမပေါ်တက်ရင် စစ်တပ်တွေက ပစ်ခတ်မယ်လို့ခြိမ်းခြောက်တယ်။ ရွာထဲကလူတွေ အပြင်ထွက်တာ သေနတ်နဲ့အပစ်ခံရလို့ ဘယ်သူမှမထွက်ရဲဘူး”ဟု စုကလိကျေးရွာသားတစ်ဦးက ဆိုသည်။
ထိုသို့ လမ်းပိတ်ထားမှုကြောင့် ဥကရစ်ထကျေးရွာအနီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးတွင်နေထိုင်သည့် စစ်ဘေးရှောင်များအတွက် ရိက္ခာများဝယ်ယူရာတွင် အခက်အခဲဖြစ်ပေါ်နေရကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူများက ပြောဆိုသည်။
“အခုလို တမင်တကာနေရာယူထားပြီး လမ်းပိတ်ထားတော့ စစ်ဘေးရှောင်တွေအတွက် ရိက္ခာတွေဝယ်ယူဖို့ ခက်ခဲကုန်တယ်။ ရှိတဲ့ရိက္ခာကိုပဲ ချွေတာပြီးစားရတော့မယ်။ ရိက္ခာတွေက တစ်လစာတောင် သိပ်ပြီးမကျန်တော့ဘူးဖြစ်နေတယ်”ဟု စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ဒေသ မြဝတီ-ဝေါလေမြိုင် ကားလမ်းမအနီး သုံးထပ်ကွေ့နေရာသို့ စစ်ကောင်စီတပ်မ(၄၄)၏ တပ်ရင်းများနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းအဖွဲ့နှင့် ကေအန်ယူတပ်မဟာ(၆)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကော်ဘရာစစ်ကြောင်းတို့ ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သုံးရက်ကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၇)စီး အသုံးပြုကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၁၀)ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်း ကေအန်ယူ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ထိုတိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူလေးဦးတွင် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်မှ (၄၈)ဦးသေဆုံးခဲ့ပြီး (၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ထားသည်။
ထိုသို့ KNU ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို DMG အနေဖြင့် သီးခြားအတည်မပြုသေးနိုင်ခြင်းမရှိသေးပေ။