- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က စစ်ဘေးရှောင်ကျောင်းသားများအတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများ လိုအပ်နေ
လာမည့်ဇွန်လတစ်ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ရခိုင်က စစ်ဘေးရှောင်ကျောင်းသား/သူများအတွက် ကျောင်းအသုံးဆောင်ပစ္စည်းများလိုအပ်နေကြောင်း စခန်းတာဝန်ခံများနှင့် ကျောင်းသားမိဘများထံမှ သိရသည်။
24 May 2022
DMG ၊ မေ ၂၄
လာမည့်ဇွန်လတစ်ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ရခိုင်က စစ်ဘေးရှောင်ကျောင်းသား/သူများအတွက် ကျောင်းအသုံးဆောင်ပစ္စည်းများလိုအပ်နေကြောင်း စခန်းတာဝန်ခံများနှင့် ကျောင်းသားမိဘများထံမှ သိရသည်။
စစ်ဘေးရှောင်ကျောင်းသားမိဘတို့မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် မိမိတို့သားသမီးများကို ပညာသင်ကြားရန် အခက်အခဲဖြစ်နေကြသည်ဟု ရသေ့တောင်မြို့နယ် ပြည်လုံးချမ်းသာဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်ဆန်းခင်က DMG သို့ပြောသည်။
“ကလေးတွေကို ကျောင်းဝတ်စုံတွေ၊ စာအုပ်တွေ၊ ထီးတွေဝယ်ပေးဖို့အတွက် အခက်အခဲဖြစ်တယ်။ မိုးရာသီဖြစ်တဲ့အတွက် အလဲအလှယ်ဝတ်ဖို့ ကျောင်းဝတ်စုံ နှစ်စုံ၊သုံးစုံလောက်လိုတယ်လေ။ နောက်ပြီးတော့ စာအုပ်တွေ၊ ထီး၊ ဖိနပ်၊ မိုးကာတွေလိုအပ်တာပါ။ အလုပ်အကိုင်တွေလည်းအဆင်မပြေတော့ ကျမတို့ မတတ်နိုင်ဘူးလေ”ဟု ဒေါ်ဆန်းခင်ကပြောသည်။
ယင်းအပြင် အချို့စစ်ဘေးရှောင်စခန်းများမှာ စာသင်ကျောင်းနှင့် အလှမ်းဝေးသည့်အတွက် မိုးရာသီ သွားလာရေးအသုံးဆောင်ပစ္စည်းများ ပို၍လိုအပ်ကြောင်း ကျောင်းသားမိဘများကဆိုသည်။
ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်ဝင်းက “ကျောင်းနဲ့ ကျနော်တို့ စစ်ဘေးရှောင်စခန်းနဲ့က နည်းနည်းဝေးတယ်။ လမ်းလျှောက်သွားရတာ မိုးရာသီဆိုရင် အဝတ်အစားတွေ အကုန်လုံးစိုသွားတယ်။ ဒါကြောင့် ထီး၊ မိုးကာတွေ ကျောင်းဝတ်စုံ အလုံအလောက်ရှိဖို့တော့လိုတယ်။ အခုချိန်ထိ ကျနော်တို့ဆီကို ဘယ်အဖွဲ့အစည်းမှလည်း ကူညီထောက်ပံ့ဖို့မရောက်သေးပါဘူး”ဟု DMG ကိုပြောသည်။
အလားတူ ကျောက်တော်မြို့နယ် မဟာမြတ်မုနိစစ်ဘေးရှောင်စခန်းတွင် မူလတန်းများကို ယင်းစစ်ဘေးရှောင်စခန်းတွင် သင်ကြားနိုင်သော်လည်း အလယ်တန်းနှင့် အထက်တန်းများကို စခန်းနှင့် ၂ မိုင်ကျော်ဝေးသည့် သရက်တစ်ပင်(အထက)ကျောင်းတွင် သင်ကြားရသည်။
လက်ရှိ စခန်းတွင်းမှစာသင်ဆောင်များတွင်လည်း ကြမ်းခင်းနှင့် ခေါင်မိုးများကိုလည်း ပြုပြင်ရန် လိုအပ်နေသေးကြောင်း မဟာမြတ်မုနိစစ်ဘေးရှောင်စခန်းမှ ကိုသန်းဌေးကပြောသည်။
“စာသင်တဲ့အဆောက်အအုံမှာ အဓိကကြမ်းခင်းတွေ ပြုပြင်ရပါမယ်။ ပြီးရင်ခေါင်မိုးကလည်း ဓနိနဲ့ မိုးထားတာဆိုတော့ ခေါင်မိုးကိုပြန်ပြင်ရမယ်”ဟု ကိုသန်းဌေးကပြောသည်။
ယခင်နှစ်များက ရခိုင်ပြည်အတွင်း ကျောင်းတက်သူ ၉၇ ရာခိုင်နှုန်းရှိခဲ့သော်လည်း စစ်ဘေးရှောင်စခန်းမှ ကျောင်းနေအရွယ် ၃၀ ရာခိုင်နှုန်းမှာ စစ်ဘေးရှောင်မိဘများ၏ ငွေကြေးအခက်အခဲကြောင်း ကျောင်းမတက်နိုင်ခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စစ်တမ်းအရ သိရသည်။
ယခုနှစ် စစ်ဘေးရှောင်ကျောင်းသားများ ကျောင်းတက်မည့်ဦးရေနှင့် ကျောင်းထွက်သည့် ဦးရေစာရင်းတို့ကို ကောက်ယူနေဆဲဖြစ်သဖြင့် အတိအကျမပြောနိုင်သေးကြောင်း REC မှဆိုသည်။