AA ထိုးစစ်ဆင်နေသည့် နပခတိုက်ပွဲ ပြင်းထန်နေ

ရဲစခန်းအပါအဝင် စစ်ကောင်စီ၏ ကာကင်းစခန်းငယ်များကို AA က ဒီဇင်ဘာ ၂ ရက်တွင် သိမ်းပိုက်ကာ အမ်းမြို့ကို ထိန်းချုပ်ပြီးနောက် နပခဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

05 Dec 2024

အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဒီဇင်ဘာ ၅ 

ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ 

ရဲစခန်းအပါအဝင် စစ်ကောင်စီ၏ ကာကင်းစခန်းငယ်များကို AA က ဒီဇင်ဘာ ၂ ရက်တွင် သိမ်းပိုက်ကာ အမ်းမြို့ကို ထိန်းချုပ်ပြီးနောက် နပခဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

“အခုတော့ နပခဌာနချုပ်ကို ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေက နေ့ရောညပါ ပြင်းထန်နေတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်တွင် နပခအပါအဝင် တပ်ရင်း၊ တပ်ခွဲ ၁၈ ခုရှိသည့်အနက် ၈ ခုကို AA က နိုဝင်ဘာ ၁၃ ရက်မတိုင်မီ သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသည့် တပ်စခန်းများကို AA က ထိုးစစ်ဆင်နေသည်။ 

စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ခုခံတိုက်ခိုက်နေသည့်အပြင် လေကြောင်းစစ်ကူ၊ မြေပြင်စစ်ကူတို့ဖြင့် အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည်။ 

သို့သော်လည်း အမ်းသို့ မကွေးမှတစ်ဆင့် အင်အားဖြည့်တင်းခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်၍ စစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြု၍ အင်အားဖြည့်နေရသည်။ 

 “အမ်းက စစ်ကောင်စီစခန်းတွေမှာ တပ်ပျက်နေပြီဖြစ်တယ်။ ထွက်ပြေးသူကပြေး၊ လက်နက်ချသူကချနဲ့ ပုံပျက်နေပြီဖြစ်တယ်။ ဒါတွေက အမ်းတိုက်ပွဲမှာ စစ်ကောင်စီက အရှုံးနဲ့ ဘယ်လောက် ရင်ဆိုင်နေရတယ် ဆိုတာကို ပေါ်လွင်စေတယ်” ဟု ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောသည်။ 

ဒီဇင်ဘာ ၄ ရက်က အမ်းသို့ ရိက္ခာသွားပို့သည့် စစ်ကောင်စီ၏ ရိက္ခာစစ်ကား (၃) စီးကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ် (စွန်တက်ရွာနှင့် လင်းတဲရွာကြား) ၌ လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) တပ်ဖွဲ့မှ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၉) ဦးခန့် သေဆုံးကာ ရိက္ခာကား နှစ်စီးလည်း ပျက်စီးသွားခဲ့သည်။ 

အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်ကလည်း အမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို အမ်း - ပဒါန်းလမ်းတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF)က တိုက်ခိုက်ဖမ်းဆီးခဲ့သည်။

အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ချိန်မှစ၍ စစ်ကောင်စီက မြို့အဝင်/အထွက်ကို ပိတ်ဆို့ထားသဖြင့် ပိတ်မိနေသည့် ဒေသခံထောင်နှင့်ချီကို AA က ဘေးလွတ်ရာနေရာသို့ ကယ်ထုတ်ထားကြောင်း သိရသည်။ 

“မြို့ပေါ်ကို သိမ်းပိုက်ပြီးကတည်းက ပိတ်မိနေတဲ့ ဒေသခံတွေ AA က ကယ်ထုတ်ပေးထားတာတွေရှိတယ်။ ဒါကြောင့် မြို့ထဲမှာတော့ ဒေသခံတွေ မရှိတော့ဘူး” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။ 

တိုက်ပွဲကြောင့် အမ်းမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည် စသည့် အကူအညီများ လိုအပ်နေသည်။

ရခိုင်ဒေသတွင် တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA က အမ်း၊ တောင်ကုတ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲ မြို့ကြီး ၁၃ မြို့ ကို သိမ်းပိုက်ထားသည်။