ကျေးရွာအနီးတွင် မြေမြှုပ်မိုင်းများရှိနေ၍ ကျောက်ဖြူဒေသခံများ စိုးရိမ်နေ 

တောလမ်းနေရာများ၊ တောင်ကုန်းများ၊ လယ်ကွင်းပြင်ဖြတ်လမ်းများနှင့် ကျေးရွာအနီးတောစပ်နေရာများအပြင် ဒေသခံများလုပ်ကိုင်စားသောက်သည့် ဥယျာဉ်ခြံများ၌ပါ စစ်ကောင်စီက မိုင်းထောင်ထားခြင်းများ ရှိနေသည်။ 

By Admin 10 Jun 2024

ကျောက်ဖြူမြို့နယ်အတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီမြေမြှုပ်မိုင်းများ။ 
ကျောက်ဖြူမြို့နယ်အတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီမြေမြှုပ်မိုင်းများ။ 

DMG ၊ ဇွန် ၁၀

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ၊ ကျေးရွာများအနီးဝန်းကျင်တွင် စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားသဖြင့် ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်ကြောက်လန့်နေကြသည်။ 

စိုင်ခြုံ၊ စိုင်ခြုံဒိန်၊ စစ်တော၊ စည်မော်၊ ရှောက်ချောင်း၊ သစ်ပုတ်တောင်၊ ဂုံးချွိန်၊ အုန်းတောနှင့် မလကျွန်း၊ ပြင်ရှည်၊ ကုလားဘာ၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပြိုင်းစေ့ကေအပြင် ကန္တီ၊ အောင်စေတီ စသည့်ကျေးရွာများအနီးတွင် ယခုနှစ်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းထောင်မှုများရှိကြောင်း ဒေသခံများက ပြောသည်။ 

“စစ်ကောင်စီက စစ်ကြောင်းထိုးတာမျိုး၊ စခန်းချတာမျိုးတွေလုပ်ပြီး မိုင်းတွေကို ထောင်သွားတာ။ တစ်ခါတစ်လေ မော်တော်ကားနဲ့လာပြီးတော့ မိုင်းသီးသန့် ထောင်သွားတာမျိုးရှိတယ်။ သူတို့ရဲ့ခြင်းတောင်းထဲမှာ မိုင်းတွေထည့်ပြီး သွားလာနေကြတာကို ဒီကဒေသခံတွေ မကြာခဏတွေ့ရပါတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ 

တောလမ်းနေရာများ၊ တောင်ကုန်းများ၊ လယ်ကွင်းပြင်ဖြတ်လမ်းများနှင့် ကျေးရွာအနီးတောစပ်နေရာများအပြင် ဒေသခံများလုပ်ကိုင်စားသောက်သည့် ဥယျာဉ်ခြံများ၌ပါ စစ်ကောင်စီက မိုင်းထောင်ထားခြင်းများ ရှိနေသည်။ 

“ဘယ်နေရာမှာမှ မိုင်းမရှိဘူးလို့ တပ်အပ်မပြောနိုင်ဘူး။ ဒါကြောင့် စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တဲ့ နေရာအနီးမှန်သမျှ မသွားလာကြဖို့ ရွာကလူတွေကို တားမြစ်ထားကြတယ်” ဟု အုန်းတောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အုန်းတော၊ ကုလားဘာ၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ အောင်စေတီ စသည့် ကျေးရွာတို့တွင် မိုင်းနင်းမိမှုကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးအထိရှိပြီး ကျွဲ၊ နွား ထိခိုက်သေဆုံးမှုများလည်း ရှိသည်။  

မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်သော်လည်း လုပ်ကိုင်စားသောက်မည့်နေရာအနီးတွင် မြေမြှုပ်မိုင်းများရှိနေ၍ လယ်ယာထွန်ယက်စိုက်ပျိုးရန်အတွက် တောင်သူများက စိုးရိမ်နေကြသည်။ 

“မိုင်းအန္တရာယ်ကင်းတယ်လို့ ယူဆရတဲ့ ရွာမြောက်ဘက်ခြမ်းမှာ မိုးစပါးစိုက်ပျိုးဖို့ ပြင်ဆင်နေကြပေမယ့် ကျနော်တို့တောင်ဘက်ခြမ်းက လူတွေကတော့ မိုင်းမရှင်းနိုင်သမျှကာလပတ်လုံး စပါးစိုက်ပျိုးနိုင်မှာ မဟုတ်တော့ဘူး။ တောသူတောင်သားဆိုတော့ ဒီလယ်ယာအလုပ်ကို မလုပ်ရရင် ထမင်းငတ်ဖို့ပဲ ရှိတော့မယ်” ဟု ကုလဘာကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်(AA)တို့ကြား လက်တလောတွင် တိုက်ပွဲဖြစ်ပွား မှုများမရှိသေးသော်လည်း မြေပြင်တွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများရှိနေသည်။ 

ဗီဒီယိုများ