စစ်တွေမြို့မှ ခရီးတိုပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ရပ်နားရန် ယာယီကားဂိတ်တစ်ခုပြုလုပ်ထား

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့မှ အခြားမြို့နယ်များသို့ ခရီးတိုပြေးဆွဲနေသည့် ခရီးသည်တင်ကားများအတွက် ယခင်ကားဂိတ်အဟောင်းအနီးတွင် ယာယီကားဂိတ်တစ်ခုကို ပြုလုပ်ထားပေးထားကြောင်း သိရသည်။

11 Sep 2021

DMG ၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့မှ အခြားမြို့နယ်များသို့ ခရီးတိုပြေးဆွဲနေသည့် ခရီးသည်တင်ကားများအတွက် ယခင်ကားဂိတ်အဟောင်းအနီးတွင် ယာယီကားဂိတ်တစ်ခုကို ပြုလုပ်ထားပေးထားကြောင်း သိရသည်။

စစ်တွေ-ပုဏ္ဏားကျွန်း၊ စစ်တွေ-ကျောက်တော်၊ စစ်တွေ-မြောက်ဦး ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ မြေယုလမ်းမကြီးပေါ်တွင်ရပ်နားကြသဖြင့် လမ်းသွားလမ်းလာများအတွက် လမ်းကျဉ်းမြောင်းခြင်း၊ အန္တရာယ်များဖြစ်လာနိုင်၍ စည်းကမ်းတကျသွားလာနိုင်ရန် ယခုကဲ့သို့ယာယီကားဂိတ်ကိုပြုလုပ်ပေးခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

“ကားဂိတ်ကတော့ ယာယီလုပ်ထားတာ ပြီးသွားပြီ။ ကားတွေကို နေရာချထားဖို့ပဲကျန်တော့တယ်။ အဲဒါတွေကိုတော့ တဖြည်းဖြည်းလုပ်ဆောင်သွားမယ်။ အခုလောလောဆယ်မှာတော့ ကားတွေနေရာချဖို့ပဲလိုပြီ”ဟု ဦးသန်းထွန်းက DMG ကိုပြောသည်။

ထိုသို့ခရီးတိုပြေးဆွဲနေသည့် အချို့ကားများမှာ ကြားဖြတ်ကားများဖြစ်သည့်အတွက် လက်ရှိလုပ်ကိုင်ထားသည့် ယာယီကားဂိတ်တွင်ရပ်နားရန် တရားဝင်လိုင်းကားများဖြစ်အောင် လုပ်ဆောင်ပေးခြင်းများရှိကြောင်းလည်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ကပြောသည်။

“ကုန်ကြောင်းလိုင်းတွေပြေးဆွဲနေတဲ့ကားတွေက ကြားဖြတ်ကားတွေဖြစ်နေတော့ ကျနော်တို့က တရားဝင်လိုင်းကားလိုင်းတွေဖြစ်သွားအောင် လုပ်ပေးတာရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို ဟိုမှာပါကင်ထိုးဖို့နေရာတွေအတွက် အစိုးရလုပ်ပေးထားတာတွေ့တယ်။ အဲလိုနေရာတွေဖြစ်တဲ့အခါကျတော့ ကျနော်တို့က သူတို့ကိုလည်းလိုင်းပြေးပေါ့နော်။ တရားဝင်လိုင်းမှတ်ပုံတင်လုပ်ခိုင်းတာပေါ့နော်။ ဖြည်းဖြည်းနဲ့စည်းရုံးပြီးတော့ အဲဒီလိုလုပ်ခိုင်းနေတာရှိတယ်” ရဲမှူးကြီးသက်လွင်ကပြောသည်။

လက်ရှိတွင် ခရီးတိုပြေးဆွဲလျှက်ရှိသည့် ကားများရပ်နားရန် ယာယီကားဂိတ်များပြုလုပ်ပေးသည့်အတွက် စည်းကမ်းတကျဖြစ်ပြီး အဆိုပါနေရာတွင် ယာဉ်မတော်တဆဖြစ်ပွားမှုလည်း လျှော့နည်းသွားမည်ဟု စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

“အခုလိုမျိုး ကားဂိတ်တွေလုပ်လိုက်တာကတော့ ကောင်းပါတယ်။ အားလုံးက စည်းနဲ့ကမ်းနဲ့ဖြစ်သွားတာပေါ့။ လမ်းမထက်မှာကျတော့ အကွေ့အကောက်တွေကလည်းများနေတယ်။ ခရီးသည်တွေက သွားလိုက်၊ ကားတွေကလာလိုက်ဆိုတော့ အဲဒီအနားမှာအမြဲတမ်း မတော်တဆဖြစ်ပွားမှုတွေရှိတယ်။ အဲဒီလို ပြောင်းလိုက်တော့ ကောင်းသွားတာပေါ့”ဟု ယာဉ်မောင်း ဦးထွန်းလှကျော်ကပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းတွင် ခရီးသည်တင်ယာဉ်လှိုင်းများမှာ ကိုဗစ်စည်းကမ်းနှင့်အညီ ခရီးသည်များကိုတင်ဆောင်ပြေးဆွဲနေရသဖြင့် ခရီးသည်ရရှိမှုနည်းပါးကာ ယာဉ်မောင်းများ အခက်အခဲရှိနေကြောင်းသိရသည်။