- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က နှလုံးလှပရဟိတသမား ၃ ဦးကို ဂုဏ်ပြုဆုချီးမြှင့်
တကိုယ်တော်လမ်းဖောက်လုပ်နေသည့် ဦးမောင်သာနီကို ငွေကျပ် ၁၈ သိန်း၊ မြောက်ဦးမြို့နယ်မှ သန့်ရှင်းရေးပရဟိတသမား ဦးခင်မောင်ကို ငွေကျပ် ၁၅ သိန်းနှင့် တောင်ကုတ်မြို့နယ်မှ သန့်ရှင်းရေးပရဟိသမား ဦးစိုးမြင့်ကို ငွေကျပ် ၁၅ သိန်း အသီးသီးဂုဏ်ပြုခဲ့သည်။
12 Jan 2023
DMG ၊ ဇန်နဝါရီ ၁၂
ရခိုင်ပြည်မှ နှလုံးလှပရဟိတသမားဟု သတ်မှတ်ခံရသူ (၃)ဦးကို ယနေ့ (ဇန်နဝါရီလ ၁၂ ရက်)တွင် စစ်တွေမြို့ New World ခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ကာ ဆုချီးမြှင့်ခဲ့သည်။
နှလုံးလှပရဟိတသမားများမှာ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ ကုလားသိမ်ကျေးရွာမှ ၁၀ နှစ်ကြာ တကိုယ်တော် လမ်းဖောက်လုပ်နေသူ ဦးမောင်သာနီ၊ မြောက်ဦးမြို့မှ သမိုင်းဝင်လက်ဆည်ကန်တွင် (၃)နှစ်ကျော်ကြာ နေ့စဉ်မပျက် သန့်ရှင်းရေးလုပ်နေသူ ဦးခင်မောင်နှင့် တောင်ကုတ်မြို့နယ်ရှိ ကိုင်းရှည်တံတားတဝိုက်တွင် (၁၃)နှစ်ကြာ နေ့စဉ်သန့်ရှင်းရေးလုပ်နေသူ ဦးစိုးမြင့်တို့ ဖြစ်ကြသည်။
ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ရန်အတွက် ပရဟိတသမား စာရေးဆရာ ဦးဝေဟင်အောင်က ဦးဆောင်ကာ အလှူငွေ လက်ခံခဲ့ခြင်းဖြစ်ပြီး စေတနာရှင်များ၏ အလှူငွေဖြင့် ယခုဂုဏ်ပြုပွဲကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဆုချီးမြှင့်ပွဲစီစဉ်သူ စာရေးဆရာ ဦးဝေဟန်အောင်က “ရခိုင်ပြည်မှာ ပရဟိတဆိုတဲ့ အခန်းကဏ္ဍတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေချင်တယ်။ လူငယ်တွေက ဒီလိုလူတွေကို အားကျပြီးတော့ ပရဟိတသမားတွေ များများစားစား ပေါ်လာဖို့ရယ်။ ပြီးတော့ ဒီလူတွေကိုလည်း အသိမှတ်ပြုသင့်တယ်ထင်လို့ ဂုဏ်ပြုပွဲလေး လုပ်ပေးတာဖြစ်ပါတယ်”ဟု ပြောသည်။
ဆုချီးမြှင့်ရာတွင် တကိုယ်တော်လမ်းဖောက်လုပ်နေသည့် ဦးမောင်သာနီကို ငွေကျပ် ၁၈ သိန်း၊ မြောက်ဦးမြို့နယ်မှ သန့်ရှင်းရေးပရဟိတသမား ဦးခင်မောင်ကို ငွေကျပ် ၁၅ သိန်းနှင့် တောင်ကုတ်မြို့နယ်မှ သန့်ရှင်းရေးပရဟိသမား ဦးစိုးမြင့်ကို ငွေကျပ် ၁၅ သိန်း အသီးသီးဂုဏ်ပြုခဲ့သည်။
လမ်းဖောက်လုပ်နေသူ ဦးမောင်သာနီက “မပြောပြတတ်လောက်အောင် ကျနော် အထူးဝမ်းသာပါတယ်”ဟု ပြောသည်။
ယနေ့ဆုချီးမြှင့်ခံရသည့် ရခိုင်မှ နှလုံးလှပရဟိတသမား သုံးဦးထဲတွင် တောင်ကုတ်မြို့နယ်ရှိ ကိုင်းရှည်တံတား တဝိုက်တွင် (၁၃)နှစ်ကြာ နေ့စဉ်သန့်ရှင်းရေးလုပ်နေသူ ဦးစိုးမြင့်မှာ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း ကျန်နှစ်ဦးမှာ ကိုယ်တိုင်တက်ရောက်ခဲ့သည်။
မြောက်ဦးမြို့၊ သမိုင်းဝင်လက်ဆည်ကန်တွင် (၃)နှစ်ကျော်ကြာ နေ့စဉ်မပျက် သန့်ရှင်းရေးလုပ်ကိုင်ပေးနေသူ ဦးခင်မောင်က “ဒီလိုလုပ်ပေးတဲ့အတွက် ကျနော် အထူးဝမ်းသာမိပါတယ်။ ဂုဏ်လည်းယူပါတယ်၊ ကျေးဇူးလည်းတင်တယ်။ ကျနော်က ဒီလိုရဖို့ ရည်မှန်းပြီးလုပ်တာလည်း မဟုတ်ပါဘူး။ ကျနော်က စေတနာ သန့်သန့်လေးနဲ့ လုပ်ပေးတာပါ”ဟု ပြောသည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း ကိုဗျာလကလည်း “အခုလို ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်နေတဲ့၊ ဂုဏ်ပြုထိုက်တဲ့လူတွေကို ဂုဏ်ပြုတဲ့အတွက် ဝမ်းသာတယ်”ဟု ပြောသည်။
ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ ကုလားသိမ်ကျေးရွာမှ ၁၀ နှစ်ကြာ တကိုယ်တော် လမ်းဖောက်လုပ်နေသူ ဦးမောင်သာနီအကြောင်းကို DMG က သွားရောက်ရိုက်ကူးကာ ရုပ်သံဆောင်းပါးအဖြစ် မကြာသေးမီက ဖော်ထုတ်တင်ပြခဲ့သည်။ ၎င်းကို DMG တည်ထောင်ခြင်း (၁၁)နှစ်ပြည့် မွေးနေ့တွင်လည်း DMG IDOL ဆုအား ပေးအပ်ခဲ့သည်။
#I008