ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံဆွေးနွေးမည်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့်အဖွဲ့နှင့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ယခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

04 Feb 2022

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားတခု၌ တွေ့ရစဉ် / NRPC

DMG ၊ ဖေဖော်ဝါရီ ၄

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့်အဖွဲ့နှင့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ယခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တွေ့ဆုံဆွေးနွေးမည့်ရက်ကို အတိအကျမသိရှိရသော်လည်း ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ အပြီးတွင် NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ တွေ့ဆုံရန် အကြမ်းအားဖြင့်လျာထားကြောင်း နိုင်ငံရေး ပါတီများအစုအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာအေးမောင်က ပြောသည်။

“ ပြည်ထောင်စုနေ့အလွန် တတိယအပတ်လောက်မှာ လုပ်မယ်လို့ အကြမ်းဖြင့် ဆုံးဖြတ်ထားတာရှိတယ်။ ဘယ်နေ့တွေ့ဆုံမှာလည်းဆိုတာကို မသိရသေးဘူး။ အဲဒီနေ့မှာပဲ အကြောင်းအရာတွေကိုသိရမယ်” ဟု သူက ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ဖက်ဒရယ်တည်ဆောက်ရေး၊ ဒီမိုကရေစီတည်ဆောက်ရေး၊ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးနှင့်ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်၊ မြေယာနှင့်သံယာဇာတ၊ လူမှုသဟဇာတဖြစ်ရေး၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေး စသည့်ကဏ္ဍ (၈) ခုကို ဆွေးနွေးနိုင်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

“ ဖက်ဒရယ်တည်ဆောက်ရေးနဲ့ပတ်သက်ရင် ဘယ်လိုမူတွေရှိလဲ။ ဘယ်လိုဖက်ဒရယ်မျိုးလဲ။ တည်ဆောက်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်လေးတွေကို အသေးစိတ်နီးပါးလောက် တစ်ဖက်နဲ့တစ်ဖက်ဆွေးနွေးသွား နိုင်တယ်။ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲမှုဆိုရင်လည်း ဘယ်လိုအဆင့်ဆင့်ပြောင်းလဲသွားမှာလဲပေါ့” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း NSPNC နှင့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မူဘောင်များ ပြင်ဆင်ရေး ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ NCA မထိုးရသေးသည့် EAOs အပြင် နိုင်ငံရေးပါတီများနှင့်လည်း အကြိမ်ကြိမ် ဆွေးနွေးရန်ရှိနေကြောင်း ပြောဆိုထားသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ နိုင်ငံရေးပါတီများအစုအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယင်းနိုင်ငံရေးပါတီများအစုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီမှ စိုင်းအိုက်ပေါင်း၊ အတွင်းရေးမှူးအဖြစ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် အခြား (၁၃) ဦးတို့ အဖွဲ့ဝင်များဖြစ်ကြသည်။

UPDJC ကို အစိုးရ အစုအဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်နှင့် စစ်တပ်မှ ကိုယ်စားလှယ် ၁၆ ဦး၊ အပစ်ရပ် လက်မှတ် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စသဖြင့် ဖွဲ့စည်းရန် သတ်မှတ်ထားသည်။