တော်လှန်ရေး ဆေးလောက အတွေ့အကြုံများကို ဒေါက်တာညိုထွန်းအောင် ရှင်းပြမည်

အာဏာရှင် တော်လှန်ရေးတွင် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မြန်မာ့ ဆေးလောကသားများ၏ အခန်းကဏ္ဍ အရေးပါပုံများကို ရက္ခိုင့်တပ်တော်(AA) ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က Online မှတဆင့် မျှဝေသွားမည်ဖြစ်သည်။

By Admin 18 Jan 2023

တော်လှန်ရေး ဆေးလောက အတွေ့အကြုံများကို ဒေါက်တာညိုထွန်းအောင် ရှင်းပြမည်

 

DMG ၊ ဇန်နဝါရီ ၁၈

အာဏာရှင် တော်လှန်ရေးတွင် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မြန်မာ့ ဆေးလောကသားများ၏ အခန်းကဏ္ဍ အရေးပါပုံများကို ရက္ခိုင့်တပ်တော်(AA) ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် Online မှတဆင့် မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို Medical Family Mandalay (MFM) နှင့် Yangon Medical Network (YMN)တို့က ဦးဆောင်ပြီး ဒေါက်တာညိုထွန်းအောင်(ခ) သူပုန်ဖြူ က သူ့၏ ၁၄ နှစ်ကျော်ကြာ တော်လှန်ရေးဖြတ်သန်းမှု သမိုင်း၊ အတွေ့အကြုံ၊ တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အကြောင်းကို မျှဝေဆွေးနွေးသွားမည် ဖြစ်ကြောင်း Yangon Medical Network (YMN) က ထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးခဲ့ရာတွင် ၎င်းအနေဖြင့် ယင်းကိစ္စကို မသိရသေးကြောင်း ဆိုသည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် ဆေးလောကသားများအနေဖြင့် ရှေ့တန်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ထောက်ပို့ရေးနှင့် CDM လှုပ်ရှားမှု စသည့်ကဏ္ဍအသီးသီးမှာ ပါဝင်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “နွေဦးတော်လှန်ရေး ဆိုတာထက် တော်လှန်ရေးလောကမှာ ဆေးပညာနဲ့ပတ်သက်လို့ သူကြုံခဲ့ရတဲ့ အရေးကြီးတဲ့ အချက်တွေကို မျှဝေပေးမှာထင်တယ်။ ဒါကတော့ NUG ဆက်ဆံရေးနဲ့ မဆိုင်ဘူးလို့ထင်တယ်” ဟု သုံးသပ်သည်။

ဒေါက်တာ ညိုထွန်းအောင်မှာ ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် ဆေးပညာသင်ယူခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့်အတူ ရက္ခိုင့်တပ်တော်(AA)ကို ဦးဆောင်ကာ ရခိုင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဂုဏ်သိက္ခာရှိသော ရက္ခိုင့်လူ့ဘောင်တစ်ခုကို ထူထောင်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်သည်။

AA အဖွဲ့နှင့် ဒေါက်တာ ညိုထွန်းအောင်သည် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားနေသည့်ဆန္ဒကို အပြည့်အဝနားလည်ပေးပြီး၊ အဖွဲ့၏ ရပ်တည်ချက်၊ မူဝါဒ၊ မဟာမိတ်အဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်များနှင့်အညီ နွေဦးတော်လှန်ရေးလုပ်ငန်းများမှာ ဆေးဖက်ဆိုင်ရာ မိသားစုစိတ်ဓာတ်နှင့် လုပ်သင့်လုပ်ထိုက်သည်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်သည် ‘သူပုန်ဖြူ’ ကလောင်အမည်ဖြင့်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က Medical Family Mandalay (MFM) သို့ တော်လှန်ရေးအတွက် အင်အားဖြစ်စေသည့် နှစ်သစ်ကူးကဗျာ ရေးပေးပို့ခဲ့ကြောင်းလည်း သိရသည်။

#R007