သံတွဲခရိုင်ဆေးရုံရှိ COVID-19 အရေးပေါ်လူနာများအတွက် အောက်စီဂျင် မလုံလောက်သည့် အခြေအနေကြုံတွေ့နေရဟုဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဆေးရုံကြီးတွင် ကုသနေသည့် COVID-19 အရေးပေါ်လူနာများအတွက် အောက်စီဂျင်မလုံလောက်သည့် အခြေအနေအနေနှင့် ကြုံတွေ့နေရကြောင်း သံတွဲမြို့နယ်မှ COVID-19 အရေး ကူညီဆောင်ရွက်ပေးနေသည့် ဆရာတော်ဦးတေဇိန္ဒက DMG သို့ မိန့်ဆိုသည်။

14 Jul 2021

DMG ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဆေးရုံကြီးတွင် ကုသနေသည့် COVID-19 အရေးပေါ်လူနာများအတွက် အောက်စီဂျင်မလုံလောက်သည့် အခြေအနေအနေနှင့် ကြုံတွေ့နေရကြောင်း သံတွဲမြို့နယ်မှ COVID-19 အရေး ကူညီဆောင်ရွက်ပေးနေသည့် ဆရာတော်ဦးတေဇိန္ဒက DMG သို့ မိန့်ဆိုသည်။

လက်ရှိ အရေးပေါ်ခန်းတွင် အောက်စီဂျင်ပေးကာ ကုသထားရသူများအတွက်ထားရှိသည့် အောက်စီဂျင်ဗူးများမှာ ယနေ့ ညနေပိုင်းအထိအတွက်သာကျန်ရှိနေ၍ ယင်းအခြေအနေကို စိုးရိမ်မိကြောင်း ဆရာတော်က မိန့်ကြားသည်။

"ဘုန်းဘုန်းတို့အနေနဲ့ ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီး ကပစ(၆)မှာ အလုံး ၁၀၀ လောက်ကိုဖြည့်နေတာတွေရှိတယ်။ ဒါပေမယ့် တန်းစီချိန်တွေနဲ့ ကြန့်ကြာနေတော့မရောက်နိုင်ဘူးဖြစ်နေတယ်။ ဒီကြားကာလမှာ တစ်ခုခုလိုနေတယ်။ အရေးပေါ်ခန်းထဲကလူတွေအတွက် အောက်စီဂျင်သုံးလုံးပဲရှိတော့တယ်လို့ သိရတယ်။ အခြားအပြင်မှာရှာတာလဲမရနိုင်တော့ဘူး။ အထဲကလူတွေအသက်ရှူကြပ်သလို ဘုန်ဘုန်းလဲ သူတို့အတွက်တွေးပြီး အသက်ရှူကြပ်ရတယ်။ ဒီနေ့တစ်နေ့ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ စဉ်းစားမရဖြစ်နေတယ်" ဟု ဆရာတော်က မိန့်ဆိုသည်။

လက်ရှိတွင် ပုသိမ်ဘက်နှင့် ပဒါန်းမြို့နယ်များသို့ အောက်စီဂျင်ဖြည့်ရန် စေလွှတ်ထားမှုများရှိသော်လည်း လမ်းခရီးအရနှင့် အခြားသော အကြောင်းအရာများကြောင့် ကြန့်ကြာမှုများရှိနေကြောင်းလည်း သိရသည်။

"လက်ရှိ ခရိုင်ဆေးရုံကြီးမှာက အောက်ဆီဂျင်ဗူးမရှိတာ့တဲ့ အနေထားမှာရောက်နေပြီ။ အခြားမြို့နယ်တွေမှာရှိနေပေမယ့် ရခိုင်ဆေးရုံကြီးမှာတော့ မရှိတဲ့အနေထားဖြစ်နေတယ်" ဟု သိမ်ကုန်းဆရာတော်က မိန့်သည်။

လက်ရှိ သံတွဲခရိုင်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသော အရေးပေါ်လူနာများအတွက် စက္ကန့်မလပ် အောက်ဆီဂျင်မပြတ်လပ် စေရေးအတွက်ဆောင်ရွက်လျှက်ရှိကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက ပြောသည်။

"ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ သူတို့အောက်ဆီဂျင်ပြတ်မှာကို ကျွန်တော်လည်းစိုးရိမ်ပါတယ်။ ဆရာတော်ပြောတာလည် မမှားပါဘူး။ လက်ရှိ ပြည်နဲ့ပုသိမ်ဘက်က ကားတွေထွက်လာနေပြီလို့တော့ သိရပါတယ်။ ကြားမှာကြန့် ကြာမှုတွေတော့ရှိနေတာပေါ့။ ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်" ဟု ဒေါက်တာရဲဝင်းထွန်းက ဆိုသည်။

လက်ရှိဖြစ်ပွားနေရသောပြသာနာမှာ မိမိမြို့နယ်တွင် အောက်စီဂျင်ထုတ်စက်မရှိ၍ အခြားမြို့နယ်မှ သွားရောက်ယူဆောင်ရသည့်အတွက် အချိန်ကြန့်ကြာမှုအခက်အခဲဖြစ်ပွားလာရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

"အဓိကတော့ သူများမြို့နယ်တွေကိုသွားပြီး လဲှရပြုရတဲ့အခါကျတော့ အချိန်ကာလအားဖြင့် နည်းနည်းလေးလိုနေတာပေါ့။ လိုနေတဲ့ကာလမှာလည်း လုပ်ပေးနိုင်ဖို့ကြိုးစားနေပါတယ်။ အရမ်းတကြီး အောက်စီဂျင်ပြတ်လပ်တာတော့မဟုတ်သေးပါဘူး" ဟု ဒေါက်တာရဲဝင်းထွန်းက ဆိုသည်။

လက်ရှိ၌ ဆေးရုံပြင်ပတွင် အောက်စီဂျင်ဗူးများမရှိတော့သော်လည်း အတွင်းလူနာများအတွက် အောက်စီဂျင်ဗူးအချို့ ကျန်ရှိနေသေးကြောင်းနှင့် လက်ရှိအတွင်းလူနာများအတွက် ကျန်ရှိသည့်အောက်ဆီဂျင်ဗူးအရေအတွက်ကို အတိကျပြော၍မရနိုင်ကြောင်း ဒေါက်တာရဲဝင်းထွန်းက၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အောက်စီဂျင်လိုအပ်နေမှုအကြောင်းအရာနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက "ရခိုင်ပြည်နယ်မှာ အောက်စီဂျင်လိုအပ်တာတွေရှိလာရင် နပခနဲ့ညှိနှိုင်းပြီး စီစဉ်ပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းအတွက် လိုအပ်တဲ့ အောက်စီဂျင်တွေကို ညောင်ခြေထောက်(ကပစ)ကနေပြီး ယူနေတာရှိပါတယ်။ တောင်ပိုင်းအတွက် တစ်နေ့ကိုအလုံးနှစ်ရာ ပို့နေပါတယ်" ဟု ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေငါးနာရီအချိန်အထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါကူးစက်ခံရသူ ၉၉၆ ဦးအထိ ကြောင်း သိရသည်။

သံတွဲခရိုင်အတွင်းတွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာနေပြီး ကူးစက်သူဦးရေမှာ ၂၀၀ နီပါးအထိ ရှိနေပြီဖြစ်သည်။