- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ လေးသောင်းကျော်ရှိသည့်အနက် နှစ်သောင်းနီးပါးအောင်မြင်
ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၁၇၅၅ ရှိသည့် အနက် ၁၉၇၂၉ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
17 Jun 2022
DMG ၊ ဇွန် ၁၇
ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၁၇၅၅ ရှိသည့် အနက် ၁၉၇၂၉ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ (ဇွန်လ ၁၇ ရက်နေ့)၊ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ ၂၈၁၇၅၁ ဦးရှိသည့်အနက် ၁၃၂၀၇၇ ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း စာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ ဒီနှစ်တော့ အောင်ချက်မဆိုးဘူး။ ကောင်းတယ်လို့မြင်တယ်။ ကိုယ်ပိုင်ကျောင်းတွေလည်း အောင်ချက်အရမ်း ကောင်းကြတယ်ဒီနှစ်မှာ။သူတို့က တစ်နှစ်သင်ရမယ့်စာကို နှစ်နှစ်လောက်လည်း သင်ထားတယ်လေ။ မေးခွန်းတွေကလည်း လျော့ပေါ့တယ်ထင်တယ်”ဟု စစ်တွေမြို့မှ ပညာရှေ့ဆောင် ကိုယ်ပိုင်အထက်တန်း ကျောင်းတည်ထောင်သူ ဦးကျော်နိုင်က ပြောသည်။
ပြီးခဲ့သည့် နှစ်များက ကိုဗစ်ကပ်ဘေးကြောင့် ကျောင်းများပိတ်ထားသဖြင့် စာကိုအချိန်ယူကာ သေချာကြိုး စားချိန်ရခဲ့သဖြင့် သုံးဘာသာ ဂုဏ်ထူးနှင့်အောင်မြင်သောကြောင့် ဝမ်းသာပျော်ရွှင်ရကြောင်း မောင်စိုးဆွေ မြင့်မြတ်ကပြောသည်။
“ကျနော်ဝမ်းသာတာပေါ့။ ကိုဗစ်ကြောင့်ကျနော်တို့တစ်နှစ်နားခဲ့ရတယ်။ ဒီနှစ်ပြန်ဖြေတော့ သုံးဘာသာပါတော့ ဝမ်းသာရပါတယ်။ သူငယ်ချင်းတွေအများစုလည်းအောင်ကြပါတယ်။ ဂုဏ်ထူးတွေလည်းပါကြပါတယ်”လို့ သူကပြောဆိုသည်။
ထို့ပြင် သမီးကျောင်းတက်ရန်အတွက် ကျူရှင်၊ ဝိုင်းများမထားနိုင်သည့်ကြားမှ ကြိုးစားပြီး အောင်မြင်သွားသည့် အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်း ဇီဝဗေဒဂုဏ်ထူးရှင် မအေးယုမွန်ဌေး၏ မိခင်ဒေါ်သန်းသန်းအေးက ကိုပြောသည်။
“အရင်နှစ်ကတော့သူကတစ်ဘာသာကျခဲ့တယ်။ စိတ်မကောင်းဘူး၊ ကိုယ်လည်းဆင်းရဲတော့ သားသမီးကိုဝိုင်းတွေ၊ ကျူရှင်တွေမထားနိုင်ဘူး။ သူ့ဘာသာကြိုးစားတာ၊ သူကျသွားခဲ့ရင်လည်း မိဘဘက်ကလိုအပ်ချက်တွေရှိနေတော့ ဘာမှမပြောနိုင်ဘူးလေ။ သူကိုယ်တိုင်လည်းကြိုးစားတယ်၊ အောင်သွားတော့အတိုင်းမသိ ဝမ်းသာမိပါတယ်” ဟု သူကဆိုသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။