- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အင်ဒိုနီးရှားမှ စားအုန်းဆီ ပြန်လည်တင်သွင်းခွင့်ရရှိသဖြင့် ဆီမလုံလောက်မည်ကို စိုးရိမ်ရန်မလိုတော့ဟုဆို
အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကိုပြန်လည်တင်သွင်းနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံတွင် စားအုန်းဆီ ပြတ်လပ်မည်ကို စိုးရိန်ရန်မလိုတော့ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ချိုက DMG သို့ပြောသည်။
31 May 2022
DMG ၊ မေ ၃၁
အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကိုပြန်လည်တင်သွင်းနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံတွင် စားအုန်းဆီ ပြတ်လပ်မည်ကို စိုးရိန်ရန်မလိုတော့ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ချိုက DMG သို့ပြောသည်။
မြန်မာနိုင်ငံအတွက်လိုအပ်သည့် စားအုန်းဆီ၏ ၉၆ ရာခိုင်နှုန်းကိုတင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့သည့်ဧပြီလ ၂၈ ရက်နေ့မှစတင်ကာ စားအုန်းဆီတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် မြန်မာ့ဆီဈေးကွက် ဂယက်ရိုက်ခဲ့သည်။ မေလ ၃၀ ရက်နေ့မှစ၍ အင်ဒိုနီးရှားနိုင်ငံဘက်မှ စားသုံးဆီ ပြန်လည်တင်ပို့ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ဦးမြင့်ချိုကဆိုသည်။
“ကျွန်တော်တို့ဆီကို ဒီနေ့မနက်ပဲသတင်းရောက်တယ်။ ကျွန်တော် ဆီတင်သွင်းတဲ့လူတွေကိုလည်း မေးပြီးပြီ။ သူတို့ကလည်း ဒါကိုအတည်ပြုတယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ ဆီဈေးတက်မှာကိုစိုးပြီး ဆီကိုအလုအယက် ဝယ်စရာမလိုတော့ပါဘူး။ လက်ရှိမှာလည်း လုံလောက်နေပါသေးတယ်”ဟု ဦးမြင့်ချိုကပြောသည်။
လက်ရှိတွင် ဆီကန်များ၌ ဆီတန်ချိန် ၈၀၀၀ ခန့်ကျန်ရှိနေသေးပြီး မလေးရှားနိုင်ငံမှ တင်သွင်းလာသည့် ဆီတန်ချိန် ၅၅၀၀ ကိုလည်း သင်္ဘောပေါ်မှ ကုန်တင်နေသည့်အတွက် ဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“လက်ရှိမှာ ဒီဆီတွေနဲ့ ပြည်တွင်းစားသုံးဖို့ လုံလောက်နေသေးတယ်။ အင်ဒိုနီးရှားမှာလည်း ဒီနေ့စပြီး ဆီတွေကို တင်နေပြီဖြစ်တဲ့အတွက် နောက်သုံးလေးရက်လောက်ဆိုရင်တော့ သင်္ဘောတွေဝင်လာတော့မှာပါ”ဟု ဦးမြင့်ချိုက ရှင်းပြသည်။
ရခိုင်မှ ကုန်သည်များအနေဖြင့် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့မှစတင်ကာ မေလ ၃၀ ရက်အထိ ရန်ကုန်ရှိ ဆီကုန်သည်များထံမှ ဆီဝယ်ယူ၍မရရှိခဲ့ကြောင်းနှင့် ဆီလက်ကျန်များကိုသာ ရောင်းချနေရကြောင်း စားသုံးဆီလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ရခိုင်မှ ဆီလုပ်ငန်းလုပ်ကိုင်နေသူ ဦးလှမောင်သိန်းက “ကျွန်တော်တို့ဆီဝယ်လို့မရဘူး။ ဘာလို့လဲမေးတော့ သူတို့ဆီမှာ ဆီပြတ်နေတယ်လို့ပဲပြောတယ်။ အဲဒီတော့ ဒီမှာရှိတဲ့ ဆီလက်ကျန်တွေကိုပဲ ရောင်းနေကြရတယ်”ဟု ပြောသည်။
အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့ခွင့်ပိတ်ပင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ စားအုန်းဆီလိုအပ်ချက်မှာ တစ်ရက်လျှင် တန်ချိန် ၂၀၀၀ အထိရှိသော်လည်း ဆီသိုလှောင်ကန်များတွင် စားအုံးဆီအချို့သာကျန်ရှိတော့သည့်အတွက် တစ်ရက်လျှင် ဆီတန်ချိန် ၂၀၀၀ အစား တန်ချိန် ၁၀၀၀ သာ ဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။
ထိုအခြေအနေများကြောင့် စားအုန်းဆီများကို သိုလှောင်ထားသူများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချသူများကို အရေးယူသွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူက DMG သို့ ပြောဆိုခဲ့သည်။