- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြည်မဖက်မှ စပါးဝယ်ယူမှုနည်းလာသည့်အတွက် ရခိုင်တွင် စပါးဈေးနှုန်းများ ကျဆင်းနေ
ပြည်မဖက်သို့ စပါးဝယ်ယူမှုနည်းလာသည့်အတွက် ရခိုင်တွင် စပါးဈေးနှုန်းများ ကျဆင်းလာနေကြောင်း စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
01 Oct 2021
DMG ၊ အောက်တိုဘာ ၁
ပြည်မဖက်သို့ စပါးဝယ်ယူမှုနည်းလာသည့်အတွက် ရခိုင်တွင် စပါးဈေးနှုန်းများ ကျဆင်းလာနေကြောင်း စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
နိုင်ငံရေးမတည်ငြိမ်မူများနှင့် ကိုဗစ်အခြေအနေများကြောင်း ပြည်မဖက်မှ စပါးဈေးကွက်၊ ဆန်ဈေးကွက်များပျက်လာပြီး ဆန်ဝယ်ယူမှုနည်းသွားသည့်အတွက် စပါးဈေးနှုန်းများမှာလည်း ကျဆင်းသွားသည့်ဟု ရခိုင်စီးပွားရေးဦးဆောင်အများနှင့် သက်ဆိုင်သောကုမ္ပဏီ(REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။
“စပါးဈေးကတော့ ဒီနေ့အချိန်ထိ အမြတ်ရဖို့အတွက် လှောင်ထားလိုက်တဲ့စပါးတွေရှိတယ်။ အဲဒီလူတွေမှာ စပါးဈေးတက်လာရင် ရောင်းဖို့အတွက်လုပ်ထားတယ်။ ဆိုတော့ တဖက်မှာ အခြေအနေအရ စစ်အုပ်ချုပ်ရေးဖြစ်သွားတယ်။ နယ်စပ်အပိုင်းတွေမှာပါ ပုံမှန်အပိုင်းတွေပါ ဆန်ဈေးကွက်တွေပါ ဆန်ဝယ်ယူမယ့်သူမရှိတော့ စပါးမရောင်းရတော့ဘူး။ စပါးမရောင်းရရင် စပါးဈေးကျလာတာပေါ့။ စပါးမြတ်မှာကို စပါးလှောင်ထားတဲ့လူတွေအတွက်က စပါးဈေးကျသွားပြီးရှုံးသွားတာရှိမှာပေ့ါ”ဟု ၎င်းကဆိုသည်။
ယင်းအပြင် နယ်စပ်ဖက်သို့တင်သွင်းသည့် ဈေးကွက်များမှာလည်း ပိတ်ထားရသည့်အတွက်ကြောင့် စပါးဝယ်လိုအားနည်းသွားကြောင်း ဦးခင်မောင်ကြီးက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်မှ ဆန်၊စပါး ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက “ဆန်တွေက မကောင်းတဲ့ဆန်ဖြစ်ရင် ကျိုးတဲ့ဆန်ဖြစ်တယ်ဆိုရင် သုံးသိန်းရှစ်သောင်းနဲ့ ဆန်အကျိုးမပါဘူးဆိုရင် လေးသိန်းလောက်ပဲရှိတာပေါ့ အခုဈေးက။ နောက်အသွားအလာပိုင်းတွေမှာလည်း ဆီးဈေးတွေတက်လာတာလည်း ပါတာပေါ့နော်၊ ဆိုတော့ ကုန်တင်ကုန်ချတွေနဲ့ အဝယ်ပိုင်းက အားနည်းလာပါတယ်” ၎င်းကဆိုသည်။
ပေါက်တောမြို့နယ်၊ ငွေတွင်းတည်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးကျော်စိန်လှိုင်က “အရင်တစ်လလောက်က ဈေးရခဲ့သေးတယ်။ အခုက ပြန်ပြီးတော့ဈေးကျသွားတယ်။ သိရတာကတော့ ဆန်ဆွဲတာအားနည်းသွားတယ်ပေါ့။ အရင်က ပေါ်ဆန်းမွှေးက လေးသိန်းကျော်အထိရတယ်။ ဆန်ရောင်းမကောင်းတာနဲ့ ဆန်ဝယ်တဲ့လူမရှိတာကြောင့်လို့တော့ ကုန်သည်တွေဆီက သိရပါတယ်”ဟု ၎င်းကဆိုသည်။
ယခင်က ပေါ်ဆန်းမွှေး တောင်းတစ်ရာကို လေးသိန်းငါးသောင်းအထိလည်းကောင်း၊ ကောက်ငယ်စပါး တောင်းတစ်ရာကို နှစ်သိန်းရှစ်သောင်းအထိ ဈေးရရှိခဲ့သော်လည်း လက်ရှိတွင် ပေါ်ဆန်းမွှေးစပါးက လေးသိန်းသို့လည်းကောင်း၊ ကောက်ငယ်စပါးက နှစ်သိန်းငါးသောင်းသို့လည်းကောင်း ကျဆင်းသွားခြင်းဖြစ်သည်။
ယခုနှစ်တွင် ဓာတ်မြေသြဇာဈေးများ အဆမတန်မြင့်တက်ခဲ့ပြီး မြေဆီတစ်အိတ်လျှင် ခုနှစ်သောင်းကျပ်အထိ ဈေးမြင့်တက်ခဲ့သည်။
ယင်းကြောင့် လယ်သမားများစပါးစိုက်ပျိုးရာ၌ မြေသြဇာကိုလုံလောက်စွာမသုံးနိုင်ခဲ့ကြဘဲ စပါးအထွက်နှုန်းကျဆင်းနိုင်ကြောင်း လယ်သမားများက မှန်းဆထားကြသည်။
မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးပန်းလှအောင်က "လယ်ကရတဲ့စပါးနဲ့ မြေဆီစရိတ်နဲ့ ကာမိမယ်မထင်ဘူး။ လယ်သမားတွေအရှုံးပေါ်မှာ” ဟု ပြောသည်။
မကြာမီ စပါးပေါ်ချိန်ရောက်ရှိလာတော့မည်ဖြစ်၍ စပါးဈေးများ ယခုကဲ့သို့ကျဆင်းနေမည်ကို လယ်သမားများက စိုးရိမ်နေကြသည်။
"စပါးပေါ်လာတဲ့အချိန်ထိ ခုလိုဈေးကျနေရင်တော့ ဖက်ပေါင်းစုံက ခက်ခဲမှာပေါ့။ တချို့ဆိုရင် ဒီနှစ်လယ်လုပ်မိတာကိုတောင် နောင်တရနေကြပါတယ်"ဟု မြောက်ဦးမြို့နယ်မှ တောင်သူ ဦးကျော်ကျော်က ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းတို့ကြောင့် ယခု ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။