- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြေဆီနှင့် မြေသြဇာဈေးမြင့်တက်မှုကြောင့် ရခိုင်ပြည်တွင် ယခုနှစ် စပါးအထွက်နှုန်းလျော့နည်းနိုင်
ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ မြေဆီနှင့် မြေသြဇာဈေးနှုန်းမှာလည်း အဆမတန်ဈေးနှုန်းမြင့်တက်လာသောကြောင့် လယ်သမားများ စိုက်ပျိုးထွန်ယက်ရာတွင် ယခင်လို အသုံးမပြုနိုင်ခဲ့ရာ ယခုနှစ်စပါးအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းလာနိုင်ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
26 Oct 2021
DMG ၊ အောက်တိုဘာ ၂၆
ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ မြေဆီနှင့် မြေသြဇာဈေးနှုန်းမှာလည်း အဆမတန်ဈေးနှုန်းမြင့်တက်လာသောကြောင့် လယ်သမားများ စိုက်ပျိုးထွန်ယက်ရာတွင် ယခင်လို အသုံးမပြုနိုင်ခဲ့ရာ ယခုနှစ်စပါးအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းလာနိုင်ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
“ဒီနှစ်ရခိုင်ပြည်မှာ စပါးအထွက်နှုန်းနည်းလိမ့်မယ်။ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာတော့ စပါးတစ်ဧကို တင်း ၄၀ နဲ့ ၅၀ ကြားပဲထွက်လိမ့်မယ်လို့ ဒေသခံလယ်သမားတွေ ပြောကြားချက်အရသိရတယ်”ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီဝင် ဦးမျိုးမင်းအောင်က ပြောသည်။
ပြီးခဲ့သည့်နှစ်များက လယ်သမားများမှာ မြေဆီ၊ မြေသြဇာများ ဈေးမတက်သဖြင့် အသုံးပြုနိုင်ခဲ့ရာ လယ်တစ်ဧလျှင် စပါးတင်း ၇၀ ခန့်ထွက်နှုန်းကောင်းခဲ့ကြောင်း၊ ယခုနှစ်တွင် မြေဆီ၊ မြေသြဇာဈေးနှုန်းများ မြင့်တက်လာသဖြင့် အသုံးမပြုနိုင်သောကြောင့် လယ်တစ်ဧကလျှင် စပါးတင်း ၄၀ ခန့်သာ ထွက်ရှိမည်ဖြစ်ကြောင်း ဦးမျိုးမင်းအောင်က DMG ကိုပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သောကြောင့် လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့ပြီး မြေဆီနှင့်မြေသြဇာကိုလည်း ယခင်နှစ်များလိုမသုံးနိုင်သဖြင့် အဆိုပါမြို့နယ်များရှိ လယ်မြေများမှာ တစ်ဧကလျှင် စပါးတင်း ၃၀ ခန့်သာထွက်ရှိမှာဖြစ်ကြောင်း လယ်လုပ်ကိုင်သူများထံမှ သိရသည်။
“ရခိုင်ပြည်တစ်ခုလုံးကို ပျှမ်းမျှချိန်လိုက်ရင်တော့ လယ်တစ်ဧကကို စပါး ၃၅ တင်းနဲ့ တင်း ၄၀ လောက်ပဲထွက်မယ်ထင်တယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဘက်တွေမှာဆိုရင်လည်း စပါးအထွက်နှုန်းကလျှော့နည်းမယ်လို့ပြောကြတယ်”ဟု ဦးမျိုးမင်းအောင်က ဆက်ပြောသည်။
မြေဆီတစ်အိတ်ဈေးနှုန်းမှာ ယခင်ကကျပ်သုံးသောင်းခွဲသာရှိသော်လည်း ယခုအချိန်တွင် ကျပ်ရှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသောကြောင့် လယ်ယာစိုက်ပျိုးရာတွင် လုံလောက်စွာ အသုံးမပြုနိုင်တော့ကြောင်း၊ စပါးအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။
ယခုနှစ်တွင် ဓာတ်မြေသြဇာဈေးနှုန်းမှာ အဆမတန်မြင့်တက်၍ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်း၊ စပါးရိတ်သိမ်းချိန်တွင်လည်း ရိတ်သိမ်းခပိုမိုပေးရခြင်းတို့ကြောင့် လယ်သမားများမှာ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း လယ်လုပ်ကိုင်သူ ဦးထွန်းထွန်းမြင့်က DMG သို့ပြောသည်။
ရခိုင်တစ်ပြည်လုံးတွင် လယ်ယာစိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူအများစုမှာ စစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုး ရေးစရိတ်ကြီးမားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀၀၀ ခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။