စစ်ရေးပဋိပက္ခကြောင့် ရခိုင်က ကလေးငယ်အချို့ ပညာရေး ထိခိုက်နစ်နာနေ

စစ်ဘေးရှောင် ကလေးသူငယ်များမှာ ငွေကြေးအခက်အခဲနှင့် အုပ်ထိန်းသူမိဘများ၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ပညာသင်ကြားရေးမှာ ထိခိုက်နေရသည့်အတွက် ပညာရေးကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်သည်။

By Admin 08 Jan 2023

စစ်ရေးပဋိပက္ခကြောင့် ရခိုင်က ကလေးငယ်အချို့ ပညာရေး ထိခိုက်နစ်နာနေ

ရခိုင်က စစ်ဘေးရှောင်ကလေးငယ်တစ်ဦး။ / ဓာတ်ပုံ - DMG

DMG၊ ဇန်နဝါရီ ၈

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် ကျောင်းနေအရွယ် ကလေးသူငယ် အများအပြား ပါဝင်နေပြီး ထိုကလေးငယ်များမှာ ယနေ့အချိန်ထိ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရကြောင်း သိရသည်။

စစ်ဘေးရှောင် ကလေးသူငယ်များမှာ ငွေကြေးအခက်အခဲနှင့် အုပ်ထိန်းသူမိဘများ၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ပညာသင်ကြားရေးမှာ ထိခိုက်နေရသည့်အတွက် ပညာရေးကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်သည်။

“အနာဂတ်အတွက် တက်လမ်းလာမယ့် ကြယ်ပွင့်လေးတွေ၊ အညွန့်ဖူးတွေဟာ အနာဂတ်ပျောက်ဆုံးသွားတယ်။ သူတို့ဘဝတက်လမ်းလည်း နှောင့်နှေးသွားတယ်။ အဲဒီကလေးတွေဟာ ပညာရေးအခွင့်အရေး ချိုးဖောက်ခံရတယ်။ အဲဒီကလေးတွေဟာ အနာဂတ်မှာ သမ္မတလည်း ဖြစ်နိုင်တယ်။ ဝန်ကြီးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုလို ပညာရေးဆုံးရှုံးသွားတော့ ဘဝရည်မှန်းချက် ပျက်စီးသွားတာပေါ့” ဟု မြောက်ဦးမြို့မှ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝင်းနိုင်က ပြောသည်။

စားဝတ်နေရေးနှင့်ငွေကြေး အခက်အခဲကြောင့် မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသော ကျောင်းနေအရွယ် ကလေးငယ် ၅၀ ဦးခန့်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်ဟု ဦးဝင်းနိုင်က ဆက်ပြောသည်။

စစ်ရေးပဋိပက္ခကို ခံစားခဲ့ရသည့် ကလေးသူငယ်များမှာ ပညာရေးဆုံးရှုံးနေရသည့်အပြင် စားသောက်ရေး၊ ကျန်းမာရေး စသည့် အဘက်ဘက်မှ ဆုံးရှုံးမှုများရှိနေကြခြင်း ဖြစ်သည်။ 

အချို့မိဘများမှာလည်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ပြီး ဆက်လက် ပညာသင်ကြားရန် ၎င်းတို့ ပိုင်ဆိုင်သည့် ရွှေစများကိုရောင်းချပြီး ပညာသင်ကြားပေးနေရသည်ဟု ကျောက်တော်မြို့နယ်၊  ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိခင် ဒေါ်ချိုဦးမေ က ပြောသည်။

“သားသမီးပညာရေးအတွက် ရှိတဲ့ရွှေတွေကို ရောင်းချပြီး ဆက်ပြီးသင်ကြားနေပါတယ်။ တချို့ကတော့ ကျောင်းတက်နေတယ် ဆိုပေမဲ့ တချို့ကလေးတွေဆိုရင် မိဘကို ကူညီဖို့အတွက် ကျောင်းထွက်ရတာတွေလည်း ရှိတယ်” ဟု ၎င်းကပြောသည်။  

ကျောင်းသူ/ကျောင်းသားများမှာ မကြာမီ အတန်းတင်စာမေးပွဲ ဖြေဆိုရတော့မည် ဖြစ်သော်လည်း စစ်ဘေးရှောင်စခန်းက ကလေးငယ်အချို့မှာ ပညာသင်ကြားခွင့် အပြည့်အဝမရရှိသဖြင့် တစ်နှစ်တာ သင်ခန်းစာများကို ကြေညှက်မှု မရှိသောကြောင့် အောင်မြင်စွာ ဖြေဆိုနိုင်ရေး စိုးရိမ်မှုများရှိနေကြသည်။

“သူတို့(ကျောင်းသား/သူ)မှာ အားငယ်စိတ်လေးတွေ ဖြစ်တယ်။ စိတ်ဓာတ်တွေ ကျကြတယ်။ ကျူရှင်တက်နိုင်တဲ့ သူတွေက စာလိုက်မှီကြတယ်။ မတက်တဲ့သူတွေက စာလိုက်မမှီကြဘူး။ အဲဒီကျောင်းသားတွေရဲ့ ပညာရေးပိုင်းကို မြှင့်တင်ပေးစေချင်တယ်။ စာမလိုက်နိုင်တဲ့အခါ တစ်ပိုင်းတစ်လမ်းကနေ ကျောင်းထွက်သွားတာတွေလည်း ရှိတယ်” ဟု ရသေ့တောင်မြို့ပေါ်ရှိ မြို့လယ်ချောင်း စစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိဘ ဒေါ်ဦးမြရီ က ပြောသည်။

UNICEF Myanmar ကတော့ မြန်မာနိုင်ငံအတွင်းက ကလေးသူငယ်ဦးရေ ၇ သိန်းခွဲအတွက် ပညာရေး လက်လှမ်းမီ သင်ကြားနိုင်ရန် ပြင်ဆင်နေကြောင်း ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ကလေးငယ်များသည် အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊  ကာကွယ်စောင့်ရှောက်မှု ရရှိရန်နှင့် လူမှုအဖွဲ့အစည်းများမှာ ပါဝင်ခွင့်ရရှိရန် စသည့် အခွင့်အရေးများရှိသော်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများမှကလေးငယ်များမှာ ထိုဥပဒေပါ ရပိုင်ခွင့်များကို ဆုံးရှုံးနေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူများက ပြောဆိုကြသည်။   

ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူ “တချို့စစ်ဘေးရှောင်စခန်းတွေမှာ ဆရာ/မ လိုအပ်ချက်လည်း ရှိတယ်။ ကျောင်း‌သားတွေဆိုရင်လည်း ပညာရေးကို မလိုက်နိုင်တော့ဘဲ မိဘကို အလုပ်ကူလုပ်ပေးဖို့အတွက် ကျောင်းထွက်သွားကြရတယ်” ဟု  ပြောသည်။

ရခိုင်တွင် NGO/INGO အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများကို မြန်မာစစ်တပ်က သွားလာခွင့် ကန့်သတ်ထားခြင်းကြောင့် ၎င်းတို့ကို အမှီပြုနေကြသည့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေကြရသည်။

စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲသည့်ဒေသမှ ကလေးသူငယ်များမှာ အမြောက်ဆံ၊ ဗုံးသံ၊ သေနတ်သံများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားနေရသူများလည်း ရှိသလို သေဆုံးခဲ့သူများလည်း ရှိနေသည်။

တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့စဉ်က စစ်ရေးတင်းမာနေခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာမှ ဒေသခံတစ်ဦးက “ ကလေးတွေရဲ့ စိတ်ထဲမှာတော့ ဘယ်လောက်ထိ ခံစားရမယ်မသိဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တာ ကြောင်း ‘ဗုံး’ ဆိုတဲ့ အသံမကြားနိုင်ဘူး၊ သူတို့က လန့်နေကြပြီ။ အိမ်ထဲဝင်ပြီး ပုန်းနေကြပြီ။ သူတို့ရဲ့ စိတ်ထဲမှာ အကြောက်တရားတွေ လွမ်းခြုံနေတယ်” ဟု ဆိုသည်။

လက်ရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ကျောင်းသား၊ကျောင်းသူများနှင့် ပတ်သက်၍ မည်သို့ စီစဉ်ဆောင်ရွက်ပေးထားသည်ကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်အား မေးမြန်းခဲ့ရာ စစ်ဘေးရှောင် ပညာရေးကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးဟု ဖြေကြားခဲ့သည်။

“ ဒီလိုမျိုး စစ်ဘေးရှောင်တွေကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်ပညာရေးမှူးရုံးကို အကြောင်းကြားလာတာလည်း မရှိသေးဘူး။ ဖြစ်ပျက်နေတာတွေကိုလည်း မြို့နယ်ရုံးကနေတဆင့် တက်လာရမယ်လေ။ သိရင်တော့ သူတို့အဆင်ပြေအောင် ကူညီပေးရမယ်ပေါ့။ မိဘတွေအနေနဲ့လည်း ဒီလို အခက်အခဲဖြစ်နေတာကို သက်ဆိုင်ရာကို တင်ပြရမယ် ” ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

#R010