ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်မည်ကို ဒေသခံများစိုးရိမ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အခြားမြို့နယ်များသို့သွားသည့် ကုန်းလမ်း၊ရေလမ်းများကို ပိတ်ပင်ထားသဖြင့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများပြတ်လပ်မည်ကိုစိုးရိမ်ကြောင်း ပလက်ဝဒေသခံများက ပြောဆိုသည်။

14 Aug 2021

DMG ၊ သြဂုတ် ၁၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အခြားမြို့နယ်များသို့သွားသည့် ကုန်းလမ်း၊ရေလမ်းများကို ပိတ်ပင်ထားသဖြင့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများပြတ်လပ်မည်ကိုစိုးရိမ်ကြောင်း ပလက်ဝဒေသခံများက ပြောဆိုသည်။

ထိုသို့ပိတ်ပင်ထားသည်မှာ ၅ လခန့်ရှိပြီဖြစ်သဖြင့် ကျန်းမာရေးကိစ္စများတွင် အခက်အခဲရှိနေကြောင်း ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က DMG သို့ပြောသည်။

“ကုန်းလမ်း၊ ရေလမ်းတွေကိုပိတ်ထားတာ အခုဆိုရင် ၅ လနီးပါရှိပါပြီ။ သူတို့က အထွက်၊အဝင်တွေကို အကုန်လုံးပိတ်ထားတယ်။ အဓိကအခက်အခဲရှိတာကတော့ ကျန်းမာရေးအခက်ခဲတွေရှိတယ်၊ စားဝတ်နေရေးတွေ မပြေလည်တာတွေရှိတယ်။ အရေးကြီးလူနာတွေ(ဥပမာ-ကျောက်တော်၊ စစ်တွေ)မှာ ဆေးကုသမှုခံယူမယ်ဆိုရင် လုံးဝခွင့်ပြုချက်မပေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ကုန်ပစ္စည်းများဝယ်ယူရန် မသွားရောက်နိုင်ဘဲ ဆိုင်များတွင်ကုန်စည်ပြတ်လပ်မှုများရှိကြောင်းလည်း ပလက်ဝမြို့မှ ဆိုင်ရောင်းချနေသည့် ဦးစောလှကပြောသည်။

“ကုန်းလမ်း၊ ရေလမ်းတွေပိတ်ထားတော့ ကျနော်တို့ ဘာကိုမှသွားမရဘူးဖြစ်နေတယ်။ တချို့ဆိုရင် သူတို့နဲ့ပေါင်းပြီးတော့ လုပ်နေတဲ့သူတွေလည်းရှိတယ်။ ရိက္ခာပြတ်တော့ ကုန်ဈေးနှုန်းက အကုန်တက်သွားတာပေါ့။ ဆေးဝါးတွေလည်းဈေးတက်တယ်။ အခုက ကိုဗစ်ဖြစ်နေတာဆိုတော့ ဆေးဝါးပြတ်သွားရင် အခက်အခဲတွေရှိနိုင်တယ်”ဟု ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း ဆေးဝါးနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မည်ကိုစိုးရိမ်နေရကြောင်း ဒေသခံ ဦးအောင်အောင်ကပြောသည်။

"ဆိုင်ပိုင်ရှင်တွေ ကျောက်တော်ဖက်ကို ဆိုင်ဝန်တွေဝယ်ဖို့မသွားရဘူး။ လောလောဆယ်ကတော့ ဆေးတွေကရှိသေးပေမဲ့ ဆေးတွေကဈေးတက်နေတယ်။ ကိုဗစ်ကာလဆိုတော့ ဆေးတွေပြတ်သွားမှာကို စိုးရိမ်နေတယ်"ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့အား ဝင်ထွက်သွားလာခွင့်ကို ချင်းပြည်နယ်ကောင်စီမှ ပိတ်ပင်ထားကြောင်း ဒေသခံများကပြောဆိုကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပလက်ဝသို့ ဆက်သွယ်သွားလာနိုင်သောလမ်းများအား ပလက်ဝမြို့တွင်တပ်စွဲထားသော တပ်မတော်မှ ကာလကြာရှည်စွာ သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ပလက်ဝမြို့နယ်မှ အရေးပေါ်လူနာများဒုက္ခရောက်နေရကြောင်း ဒေသခံများကပြောဆိုချက်ကို ကိုးကားပြီး ချင်းပြည်နယ်အခြေစိုက်သတင်းဌာနများက ဖော်ပြသည်။

ပလက်ဝမြို့နယ်မှ ဒေသခံများမှာ ကုန်စည်ပစ္စည်းများကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အဓိကထားဝယ်ယူနေကြခြင်းဖြစ်သည်။