နှစ်လကျော်ကြာပိတ်ထားသည့် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို မြန်မာစစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ပိတ်ထားခဲ့ကာ ယနေ့အချိန်ထိ နှစ်လကျော်ကြာသည့်တိုင် ပြန်ဖွင့်ပေးခြင်းမရှိသေးသဖြင့် အခက်အခဲဖြစ်နေရကြောင်း ဒေသခံများကပြောသည်။

20 Aug 2022

DMG ၊ သြဂုတ် ၂၀

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို မြန်မာစစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ပိတ်ထားခဲ့ကာ ယနေ့အချိန်ထိ နှစ်လကျော်ကြာသည့်တိုင် ပြန်ဖွင့်ပေးခြင်းမရှိသေးသဖြင့် အခက်အခဲဖြစ်နေရကြောင်း ဒေသခံများကပြောသည်။

ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးကို AA က ဖမ်းဆီးခဲ့ပြီးနောက်တွင် အဆိုပါလမ်းကို စစ်တပ်က သွားလာခွင့်ပိတ်လိုက်ခြင်းဖြစ်သည်။

“အရင်ဆို ပုဏ္ဏားကျွန်းကနေ ကုန်တွေက ရွာကိုတိုက်ရိုက်ရောက်တယ်။ အခုဆို ကွမ်းတောင်ကိုဘုတ်နဲ့သွားပြီး ကွမ်းတောင်ကနေ တစ်ဆင့်ခံယူရတယ်။ ကျနော်တို့ ပေါက်တောပြင်က လူတွေ လုံးဝအဆင်မပြေကြတော့ဘူး။ ဒါကြောင့် ဒီကားလမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးစေချင်ပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာမှ ကိုကျော်မင်းနိုင်ကပြောသည်။

အဆိုပါ လမ်းကိုပိတ်ထားသဖြင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုကို နှောင့်နှေးစေပြီး ရသေ့တောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းများမှာလည်း စစ်တွေမှဈေးနှုန်းများနှင့် များစွာကွာခြားနေရကြောင်း ဒေသခံများကဆိုသည်။

ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်က “ကုန်းလမ်းကနေ လုံးဝကိုသွားလို့မရပါ။ ဒေသတွင်းမှာ ကုန်ဈေးနှုန်းက စစ်တွေကဈေးနှုန်းနဲ့ ကွာခြားမှုတွေအများကြီးဖြစ်နေတယ်။ အရေးပေါ် ကျန်းမာရေး အခြေအနေတွေ၊ စစ်တွေကို ဆေးဝါးကုသဖို့အတွက် သွားရမယ်ဆိုရင် မိုးရာသီဆိုရင် လေပြင်းမုန်တိုင်းတိုက်နေတဲ့ နေ့တွေဆိုရင် ရေလမ်းကနေလည်း သွားမရဘူး။ အခက်အခဲတွေ အများကြီးဖြစ်စေတယ်”ဟု သူကပြောသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို မှီခိုကာ ကူးလူးဆက်သွယ်နေရသည့် ခန့်မှန်းခြေကျေးရွာပေါင်း ၅၀‌ ကျော်ခန့်ရှိပြီး ယခုကဲ့သို့ ကားလမ်းကို ရေရှည်ပိတ်ထားမည်ဆိုပါက ဒေသခံများ ပိုမိုကျပ်တည်းလာမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

အဆိုပါလမ်းကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေရသည့် ကားဆရာ ကိုထွန်းနိုင်က “စားဝတ်နေရေးလည်း ကျပ်တည်းတယ်။ သားသမီးပညာသင်စရိတ်တွေလည်း အရင်လိုမ‌ပေးနိုင်ဘူးဗျ။ ပုံမှန်ဆွဲနေကျကားလည်း ဂျောင်ထိုးထားရတယ်။ တခြားလုပ်စားဖို့လည်း မရှိပါဘူး။ အရင်ကစုထားတဲ့ ငွေတွေနဲ့ ချေးငှားပြီး စားသောက်နေကြရတာပါပဲ”ဟု ပြောသည်။  

အဆိုပါလမ်းကို ပြန်လည်ဖွင့်ပေးရန် ဒေသခံများတောင်းဆိုမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းသည် ၂၂ မိုင် ၆ ဖာလုံအရှည်ရှိပြီး စစ်တွေနှင့် ပုဏ္ဏားကျွန်းမှကုန်စည်များကို ရသေ့တောင်မြို့နယ်သို့ သယ်ယူပို့ဆောင်ရာတွင် အဓိကအရေးပါသည့်လမ်းဖြစ်သည်။