အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအားလုံး ဈေးနှုန်း ဆက်လက်မြင့်တက်နေ

အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ် စသည့် စားသောက်ကုန်များ၏ ဈေးနှုန်းများနှင့် လူသုံးကုန်ပစ္စည်းများမှာ ဈေးနှုန်းဆက်လက်မြင့်တက်လာနေကြောင်း ဈေးဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

13 Sep 2021

DMG ၊ စက်တင်ဘာလ ၁၃

အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ် စသည့် စားသောက်ကုန်များ၏ ဈေးနှုန်းများနှင့် လူသုံးကုန်ပစ္စည်းများမှာ ဈေးနှုန်းဆက်လက်မြင့်တက်လာနေကြောင်း ဈေးဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

ယခင်ကဆန်တစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀ ဈေးရှိရာမှ လက်ရှိတွင် ၅၂၀၀၀ ကျပ်အထိမြင့်တက်နေပြီး ဟင်းချိုမုန့်တစ်ပိဿာကို ယခင် ၃၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိ၊ ဆီတစ်ပိဿာကို ယခင် ၄၀၀၀ ကျပ်မှ လက်ရှိ ၅၅၀၀ ကျပ်အထိ စသည့်ဖြင့်ဈေးနှုန်းမြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

“စားသုံးဆီဈေးက အခုက လေးသောင်းကျော်လောက်ရှိတယ်။ အဲဒါက ဆယ်ပိဿာအလျော့ပေါ့နော်။ လွန်ခဲ့တဲ့ နှစ်လသုံးလကဆိုရင် သုံးသောင်းဝန်ကျင်းလောက်ရှိတယ်။ လက်ရှိမှာ အခုက တသောင်းလောက်မြင့်တက်သွားပါတယ်။ နောက်ဟင်းချိုမှုန့်ကလည်းတစ်ပိဿာထုပ်ကို အရင်ကဆိုရင် ၃၅၀၀ ကနေ အခုက ၇၀၀၀ အထိ မြင့်တက်သွားတာရှိတယ်”ဟု မြောက်ဦးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် ဦးစံလင်းအောင်ကပြောသည်။

ကိုဗစ်ရောဂါအခြေအနေကြောင့် ဈေးရောင်းချရမှုအပိုင်းတွင်လည်း ယခင်က ပြည်သူများအနေဖြင့် တစ်လစာဖြစ်စေ၊ နှစ်လစာဖြစ်စေ အလုံးအရင်းဖြင့်ဝယ်ယူမှုများရှိခဲ့သော်လည်း ယခုအခါတွင် အလုံးအရင်းဖြင့်ဝယ်ယူမှုများ နည်းပါးသွားခဲ့ကြောင်း သိရသည်။

ကပ်ရောဂါအခြေအနေများကြောင့် အလုပ်အကိုင်ပိုင်းတွင်လည်း နည်းပါးလာသည့်အခြေအနေနှင့်ကြုံတွေနေရပြီး လူမှုအဖွဲ့အစည်းများမှကူညီသော ကယ်ဆယ်ရေးပစ္စည်းများနှင့်သာ ချွေတာသုံးဆွဲနေရကြောင်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှလက်လုပ်လက်စားဖြစ်သည့် ဦးမောင်သန်းလှိုင်ကပြောသည်။

“ကိုဗစ်ဖြစ်တဲ့အချိန်ကတည်းက လက်လုပ်လက်စားတွေကိုက ပိုအခက်အခဲဖြစ်နေတာပါ။ ငွေရှိတဲ့လုပ်ငန်းရှင်တွေကလည်း အလုပ်တွေပိတ်ထားတော့ အမျိုးမျိုးဒုက္ခရောက်ကြပါတယ်။ ကယ်ဆယ်ရေးနည်းနည်းရရင် အဲဒါနဲ့မျှစားကြရတယ်”ဟု ပြောသည်။

တစ်ဖက်တွင်လည်း အိမ်ဆောက်ပစ္စည်းများမှာ လက်ရှိတွင် လေးရာခိုင်နှုန်းအထိ ဈေးနှုန်းဆက်လက်မြင့်တက်လာနေကြောင်း မြေပုံမြို့မှ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဒေါ်ခင်စောမြင့် ကပြောသည်။

“အိမ်ဆောက်ပစ္စည်းတွေက ဈေးကတက်နေပါတယ်။ သုံးလေးရာခိုင်နှုန်းအထိ တက်သွားတာရှိတယ်။ မြေဆီလည်းတက်သွားတယ်။ မြေဆီတွေ ပြန်ပြီးဈေးတက်မယ်လို့လည်း ကုမ္ပဏီက ဖုန်းဆက်လာတာရှိတယ်။ သံဖြူဆိုရင်လည်း တစ်ဆမှာ နှစ်ဆဈေးတက်သွားပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် အရောင်းအဝယ်ပိုင်းတွင်နည်းပါးလာနေပြီး ငွေလွဲသည့်ဘက်တွင်လည်း အခက်အခဲများရှိနေကြောင်း ဒေါ်ခင်စောမြင့်က ဆက်လက်ပြောကြားသည်။

“ငွေလွှဲရတာက ဘဏ်တွေမှာ တန်းစီးပြီးတော့စောင့်ရတယ်။ ဘဏ်က အရင်လိုချက်ချင်းမရောက်နိုင်ဘူး။ ဒီနေ့လွှဲတာ မနက်မှရတယ်။ အဲဒီလိုမျိုးတွေဆိုတော့ အဆင်မပြေဘူးပေါ့”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်အခြေအနေအပြင် စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဆေးလိပ်၊ အိမ်ဆောက်ပစ္စည်း၊ ဆိုင်ကယ်ဈေး၊ ရွှေဈေးစသည့်အားဖြင့် လူသုံးကုန်ပစ္စည်းများအားလုံး ဈေးမြင့်တက်လျက်ရှိနေသည်။