ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ရေသန့်ဈေးတက်

လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဝယ်ယူအသုံးပြုရသည့် ကုန်ကြမ်းပစ္စည်းများနှင့် အထွေထွေစရိတ်ဈေးနှုန်းများ မြင့်တက်လာနေမှုကြောင့် ရခိုင်က ရေသန့်စက်ရုံများမှာ ရောင်းအားကျဆင်းကာ ရေသန့်ရောင်းဈေးကို မြှင့်တင်နေရကြောင်း သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

14 Mar 2022

DMG ၊ မတ် ၁၄

လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဝယ်ယူအသုံးပြုရသည့် ကုန်ကြမ်းပစ္စည်းများနှင့် အထွေထွေစရိတ်ဈေးနှုန်းများ မြင့်တက်လာနေမှုကြောင့် ရခိုင်က ရေသန့်စက်ရုံများမှာ ရောင်းအားကျဆင်းကာ ရေသန့်ရောင်းဈေးကို မြှင့်တင်နေရကြောင်း သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

ယခင်က ရေသန့်တလီတာ (၆)လုံးတဖာကို (၁၁၀၀)မှ (၁၁၅၀)ကျပ်ခန့်နှင့် ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် ကုန် ဈေးနှုန်းများမြင့်တက်လာသည့်အတွက် အဆိုပါရေသန့်တဖာကို(၁၅၀၀)ကျပ်အထိ ဈေးတင်ရောင်းနေရသည်ဟု မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာမှ Seven wadi ရေသန့် စက်ရုံပိုင်ရှင် ကိုအမ်းသားကြီးက DMG သို့ပြောသည်။

“အခုက မီးတွေလည်းခဏခဏပြတ်နေတော့ အလုပ်တွေကို မီးစက်နှိုးပြီးတော့လုပ်နေရတယ်။ ဆီဈေးကလည်း မတရားတက်နေတာတမျိုး၊ ရေသန့်အတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေက ဈေးတက်တာတမျိုးဆိုတော့ ဈေးကိုမြှင့်ရောင်းနေရတယ်”ဟု ၎င်းကဆိုသည်။

ယခင်က ရေသန့်ဗူးခွံတဗူးကို (၆၀)ကျပ်ဖြင့် ဝယ်ယူရရှိခဲ့သော်လည်း လက်ရှိတွင် ဆီဈေးနှင့် ပလစတိတ်ဈေးနှုန်းပါ ပေါင်းလိုက်လျှင် ရေသန့်ဗူးခွံတစ်ခု၏ကုန်ကျစရိတ်မှာ (၁၃၀)ကျပ်အထိဖြစ်လာသဖြင့် ရေသန့်ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်းလည်း ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

အဆိုပါ စက်ရုံထုတ်ရေသန့်များကို ယခင်က မြေပုံ၊ အမ်း၊ ပေါက်တောမြို့အထိ တလလျှင်အိတ်ရေ(၁၀၀)ကျော် ပုံမှန်ရောင်းချခဲ့ရသော်လည်း လက်ရှိတွင် ဆီဈေးနှုန်းတဟုန်ထိုးတက်လာနေမှုကြောင့် အမြတ်ငွေနှင့် ကားဆီစရိတ်မကိုက်ညီဖြစ်လာသဖြင့် မြေပုံမြိုနယ်နှင့် ပေါက်တောမြို့တို့ကိုသာ ပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်းလည်း ကိုအမ်းသားကြီးက ရှင်းပြသည်။

အလားတူ စစ်တွေမြို့တွင်လည်း ယခင်က တလီတာရေသန့်ဗူး တဖာကို (၉၀၀)ကျပ်ရောင်းဈေးကနေ ယခုအခါတွင် (၁၂၀၀)ကျပ်၊ (၂၀)လီတာရေဗူးကြီးတဗူးကို ငွေကျပ်(၄၀၀) မှ ယခု(၅၀၀)ကျပ်အထိ ဈေးတင်ရောင်းချနေရကြောင်း "ဇော်"သောက်ရေသန့်လုပ်ငန်းရှင် ကိုဇော်နိုင်ထွန်းကဆိုသည်။

“ဒီထက်ပိုပြီး ဈေးတက်လာရင်တော့ ကျနော်တို့အတွက် အခက်ခဲတွေရှိလာနိုင်တယ်။ ဝယ်သူတွေလည်း ရေသန့်တွေဈေးထပ်တက်လာနိုင်တယ်ဆိုပြီး ကြိုပြောထားရတယ်။ ဘယ်လောက်ထိ တက်မယ်ဆိုတာတော့ ကျနော်တို့လည်းမခန့်မှန်းတတ်သေးဘူး။ ကုန်ကြမ်းဈေးတွေက ဘယ်လောက်တက်နေလဲဆိုရင် ဒီလမှာရောင်းလိုက်ရတဲ့ ရေသန့်အိတ် (၁၀)အိတ်စာနဲ့ နောက်လကျရင် (၁၀)အိတ်ဖိုး ထပ်ဝယ်လို့မရတော့ဘူး။ အဲဒီလိုဖြစ်နေတယ်”ဟု ကိုဇော်နိုင်ထွန်းက DMG ကိုပြောသည်။

အဆိုပါဇော်ရေသန့်စက်ရုံတွင် အလုပ်သမား (၄၀)အထိရှိပြီး အကယ်၍ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာပါက ဝန်ထမ်းများကိုလစာပေးရန်ပင် ခက်ခဲလာနိုင်ကြောင်းလည်း စက်ရုံပိုင်ရှင်ထံမှ သိရသည်။

“ကျနော်တို့မှာ တစ်လီတာရေဗူးလုပ်ရင် လူအင်အားကပိုလိုတယ်။ ဗူးကြီးတွေက လူသိပ်မလိုဘူး။ အခုချိန်ထိတော့ ဝန်ထမ်းတွေကို လစာမပေးနိုင်တဲ့အထိမဖြစ်သေးပေမဲ့ ဈေးနှုန်းတွေထပ်တက်လာရင်တော့ ကျနော်တို့ဝန်ထမ်းတွေကိုလျှော့ချပြီး တစ်လီတာရေဗူးလေးတွေထုတ်လုပ်တာကို ရပ်ရမဲ့အနေအထားရှိတယ်”ဟု ကိုဇော်နိုင်ထွန်းကဆိုသည်။

ယခုကဲ့သို့ ရေသန့်များဈေးတက်မှုကြောင့် ပြည်သူတို့မှာ ရေသန့်ဝယ်သောက်ရန် စရိတ်စခပိုမိုကြီးမာလာနေသလို တစ်ဖက်မှာလည်း နွေရာသီရေခမ်းခြောက်မှု၊ ရေကန်တချို့တွင် ရေညစ်ညမ်းလာနေသည့်အတွက် ရေအခက်အခဲများဖြစ်နေကြောင်းလည်း မင်းပြားဒေသခံ ကိုရခိုင်ကြီးက DMG ကိုပြောသည်။

“ကျနော်တို့မင်းပြားမှာက အခုသောက်ရေကန်တွေကလည်း နွေရာသီရောက်လာတော့ ရေခမ်းခြောက်ကုန်ပြီ။ ရေတွေကလည်း အရင်ကထက်ပိုညစ်လာပြီ။ သောက်ဖို့ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ရေသန့်ဝယ်သောက်မယ်ဆိုလည်း တချို့မိသားစုတွေက တနေ့လုပ်မှတနေ့စားရတာ။ ရေသန့်ဘူးကြီးတစ်ဗူးဟာ သူတို့အတွက် ငါးတနပ်စားလောက်ရှိသွားပြီ။ ဒီထက်ဈေးတက်လာရင် တော်တော်အခက်အခဲဖြစ်လာမယ်”ဟု ဆိုသည်။