- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် မုန်တိုင်းအရှိန်ကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံးမှုရှိသဖြင့် လယ်သမားများ အခက်တွေ့
တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အကျပ်ရိုက်နေကြသည့် ရခိုင်က လယ်သမားများမှာ သဘာဝဘေးဒဏ်ကြောင့်လည်း ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်
26 Oct 2022
မုန်တိုင်းအရှိန်ကြောင့် ပျက်စီးသွားသည့် ပေါက်တောမြို့နယ်မှ လယ်ယာမြေများကို တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခတ်ခဲ့သော မုန်တိုင်းအရှိန်ကြောင့် ပေါက်တော၊ မာန်အောင် စသည့်မြို့နယ်များတွင် စပါးပင်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သောကြောင့် တောင်သူလယ်သမားများမှာ အခက်တွေ့နေကြသည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းအရှိန်ကြောင့် လယ်ယာမြေများကို ဆားငံရေဝင်ရောက်ခြင်း၊ လေပြင်းတိုက်ခိုက်မှုကြောင့် ဖူးပွင့်နေသော စပါးပင်များ လဲကျမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။
“အခုက စပါးတွေပွင့်ချိန်၊ ဖူးချိန်ဆိုတော့ လေတိုက်လို့ အပွင့်ကြွေသွားရင် အသီး ဘယ်လိုသီးတော့မလဲ။ နောက်ပြီး အဖူးတွေထဲကိုလည်း ရေဝင်သွားပြီး အကုန်ပျက်သွားတယ်။ ဆားငံရေတွေ လယ်ကွင်းထဲကိုဝင်လာလို့ ပျက်စီးတာတစ်မျိုး၊ လေတိုက်လို့ လဲကျတာတစ်မျိုး။ အခုဆို ကျမတို့မှာ စိုက်ထားတဲ့ ကောက်ညှင်းစပါးနဲ့ ပေါ်ဆန်းမွှေးစပါး ၃ ဧကကျော် ပျက်စီးသွားပါတယ်”ဟု ပေါက်တောမြို့နယ်၊ င/ပြီတက်ရွာမှ ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် ကျေးရွာရှိ တခြားလယ်သမားအများစုမှာလည်း ဆားငံရည်ဝင်ရောက်မှုများကြောင့် စပါးပင်ပျက်စီးမှု အများအပြားရှိနေသည်ဟု ၄င်းကဆက်ပြောသည်။
အလားတူ ပေါက်တောမြို့နယ်၊ ဆားပြင်ကျေးရွာနှင့် င/ခူချောင်းကျေးရွာတို့တွင်လည်း မုန်တိုင်းကြောင့် ဆားငံရည်ဝင်ရောက်မှုကြောင့် လယ်ဧက ၃၂၀ နီးပါး ပျက်စီးမှုရှိကြောင်း သိရသည်။
“ဆားငံရည်ဝင်သွားတဲ့ လယ်တွေက စပါးတွေကတော့ များသောအားဖြင့် လုံးဝသုံးမရဘဲ ပျက်စီးသွားတတ်တယ်။ အပင်လဲသွားတာတွေကျတော့ သုံးလို့ရတာတွေလည်း ရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် စပါးထွက်နှုန်းကို ခန့်မှန်းပြီး နိုင်သလောက်လုပ်ထားတာ၊ အခုလိုဖြစ်သွားတော့ ထွက်နှုန်းလျော့သွားတာပေါ့။ ကုန်ဈေးနှုန်းကြောင့် ရှိသမျှလယ်တွေကို အကုန်မလုပ်နိုင်ဘဲ နိုင်သလောက်လေးစိုက်ထားကြတာ အခုလို ဖြစ်သွားတော့ နစ်နာတာပေါ့”ဟု ဆားပြင်ကျေးရွာမှ လယ်ဧက ၃၀ ကျော် ထိခိုက်ပျက်စီးသွားသည့် ဦးဘိုသိန်းအောင်က ပြောသည်။
အလားတူ ပေါက်တောမြို့နယ်၊ ချောင်းဇောက်နှင့် သစ်ပုတ်ချောင်းရွာကြားရှိ လယ်ဧက ၁၃၀၀ ခန့် ပျက်စီးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“ဆားငံရည်တွေက အခုထိမခမ်းသေးဘဲ လယ်ကွင်းထဲပြည့်နေတယ်။ ဆားရည်တွေက အပင်အမြစ်ကိုအထိ ထိခိုက်တာဆိုတော့ အသီးမသီးသေးဘဲ ပွင့်နေ၊ဖူးနေဆဲ စပါးပင်တွေကတော့ လုံးဝသုံးရတော့မှာ မဟုတ်ဘူး။ စပါးသီးနေတဲ့ အပင်တွေကျတော့ ဒီရက်ပိုင်းမိုးရွာချမယ်ဆိုရင် တချို့တဝက်လောက်ကို ပြန်ယူလို့ ရနိုင်သေးတယ်။ မြေသြဇာတွေ ဘာတွေပြန်သုံးလိုက်လို့ရသေးတယ်။ တကယ်လို့ မိုးမရွာဘဲ ဒီတိုင်းနေပူမယ်ဆိုရင်တော့ အကုန်လုံးဆုံးပြီပေါ့”ဟု သစ်ပုတ်ချောင်းကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။
ထို့ပြင် မာန်အောင်မြို့နယ်တွင်လည်း စပါးပင်များ ပျက်စီးဆုံးရှုံးများရှိခဲ့သည်။ ယခုနှစ် စပါးစိုက်ပျိုးရာတွင် မြေဆီစျေးနှုန်းအပါအဝင် ထွန်ယက်စိုက်ပျိုးခလည်း စျေးနှုန်းမြင့်တက်မှုရှိခဲ့သဖြင့် ယခုကဲ့သို့ လေပြင်းတိုက်ခိုက်မှုကြောင့် စပါးပင်များ ပျက်စီးသွားခဲ့ရ၍ အရှုံးပေါ်မည်ကို စိုးရိမ်ကြောင်း ဖက်ယားကျေးရွာမှ ဦးလူလှက ပြောသည်။
ညောင်ပင်လှ ကျေးရွာမှ ဦးမောင်ကြည်က “အခုအချိန်က စပါးတွေ နို့ရည်တည်(စပါးဖူးပွင့်)တဲ့ အချိန်ဆိုတော့ လေပြင်းတိုက်ခတ်တဲ့အတွက် စပါးပင်တွေလဲကျပြီး အပျက်အစီးတွေဖြစ်သလို စပါးတွေကလည်း အခွံတွေများမှာဖြစ်တယ်။ မာန်အောင်က ဒေသခံတွေ အခုလိုရာသီမှာ လေပြင်းမတိုက်တာ (၅)နှစ်လောက် ရှိနေပြီ”ဟု ဆိုသည်။
ရခိုင်ပြည်တွင် မုန်တိုင်းအရှိန်ကြောင့် မြို့နယ်အချို့တွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ပေါက်တောမြို့နယ်ရှိ ဆင်တက်မော်ကျေးရွာ၊ သဲခုံကျေးရွာနှင့် ငှက်ချောင်း ဒုက္ခသည်စခန်းတို့တွင် နေအိမ်များပျက်စီးခြင်း၊ ကမ်းထိန်းနံရံများ ပြိုပျက်စီးခြင်းများလည်း ရှိခဲ့သည်။