ကျောက်တော်-ပလက်ဝရေယာဉ်တွင် ဆန်အပါအဝင် ကုန်ပစ္စည်းအချို့ကို သယ်ယူခွင့်ကန့်သတ်ထားဟု ဒေသခံများပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ ပြည်နယ်စစ်ကောင်စီ၏အစီအစဉ်ဖြင့်ပြေးဆွဲနေသည့် ရေယာဉ်ပေါ်တွင် ဆန်အပါအဝင် ကုန်ပစ္စည်း(၄)မျိုးကို သယ်ယူခွင့်ကန့်သတ်ထားသဖြင့် ဒေသခံအတွင်း ကုန်ဈေးနှုန်းမြင့်တက်ကာ စားဝတ်နေရေးအခက်ကြုံနေရကြောင်း ဒေသခံများကပြောသည်။

15 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ ပြည်နယ်စစ်ကောင်စီ၏အစီအစဉ်ဖြင့်ပြေးဆွဲနေသည့် ရေယာဉ်ပေါ်တွင် ဆန်အပါအဝင် ကုန်ပစ္စည်း(၄)မျိုးကို သယ်ယူခွင့်ကန့်သတ်ထားသဖြင့် ဒေသခံအတွင်း ကုန်ဈေးနှုန်းမြင့်တက်ကာ စားဝတ်နေရေးအခက်ကြုံနေရကြောင်း ဒေသခံများကပြောသည်။

ဒေသခံတို့အတွက် အဓိကလိုအပ်ချက် အခြေခံပစ္စည်းများဖြစ်သည့် ဆန်၊ ဘိလပ်မြေ၊ လောင်စာဆီနှင့် သံထည်ပစ္စည်းတို့ကို စစ်ကောင်စီပိုင်ရေယာဉ်ဖြင့် သယ်ယူခွင့်ကန့်သတ်ထားခြင်းဖြစ်ကာ ကုန်သည်များအနေဖြင့် ယင်းပစ္စည်းတို့ကိုတင်ဆောင်မည်ဆိုပါက ရပ်ကွက်၊ စည်ပင်စသည့်ထောက်ခံစာတို့ဖြင့် ပလက်ဝဒေသရှိ စစ်တပ်သို့တင်ပြရပြီး ခွင့်ပြုချက်ရမှသာ စက်လှေဖြင့် သွားသယ်ရခြင်းမျိုးဖြစ်ကြောင်း သိရသည်။

“သင်္ဘောပေါ်မှာ ဆန်တွေကိုလုံးဝမတင်ရပါ။ စစ်တပ်က မတင်ရတာပါ။ ကျောက်တော်ကနေ မျှောစာကျတယ်။ အဲဒါကို ကျောက်တော်ကနေသွားတင်ရတာ။ ဆန်ကုန်သည်တွေအနေနဲ့ တယောက်ကို အိတ် ၅၀ ကျစီခွင့်ပြုတာ။ ဒါကို ကျောက်တော်ကနေ ရွှေပြည်ကိုချပေးတယ်။ ပလက်ဝကသူတွေက ရွှေပြည်ရွာကို သွားပြီး စက်လှေနဲ့ ဆန်တွေကိုသွားသယ်ရတာပေါ့”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ပလက်ဝကုန်သည်တစ်ဦးက DMG ကိုပြောသည်။

ယင်းသို့ စစ်ကောင်စီရေယာဉ်တွင်မတင်ရခြင်းကြောင့် အခြားတဘက်၌ ဒေသခံများအတွက်စားသုံးရန် ဆန်တင်ပို့ရန်အတွက် စစ်တပ်က ထောက်ခံစာပါမှသာလျှင် စက်လှေဖြင့်သီးခြားသွားယူရခြင်းလည်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီဘက်မှ ထိုသို့ခွင့်ပြုခြင်းမှာလည်း အချိန်အကန့်အသတ်ပုံမှန်မရှိပေ။ သူ့တို့သဘောတူသည့် အချိန်တွင်သာ ခွင့်ပြုပေးခြင်းဖြစ်သည့်အတွက် ကုန်သည်တို့ ပိုပြီးအခက်တွေ့နေရသည်ဟု သိရသည်။

အဆိုပါကုန်စည်တို့ကို စစ်ကောင်စီရေယာဉ်ပေါ် တင်ခွင့်မပြုသောကြောင့် ကန့်သတ်မှုတို့၏အကျိုးဆက်အဖြစ် ပလက်ဝတွင် ကုန်ဈေးနှုန်း ဈေးနှစ်ဆတင်ရောင်းနေကြသဖြင့် ဝယ်သူများမှာလည်း များစွာအခက်အခဲရှိကြောင်း ပလက်ဝမြို့မှ ဒေသခံ တစ်ဦးမှ DMG သို့ပြောသည်။

“အခုဆိုရင် ဓာတ်ဆီတစ်ပီပါကို ကျောက်တော်မှာဆို ၃ သိန်းခွဲ၊ ပလက်ဝမှာဆို ၄ သိန်းခွဲလောက်ဖြစ်သွားပြီ။ ကျောက်တော်နဲ့ ပလက်ဝ ၁ သိန်းလောက်ကွာခြားမှုရှိတယ်။ ကုန်သွယ်မှုတွေ အရင်ကလိုပုံမှန် ပြန်ဖြစ်စေချင်တယ်။ ကန့်သတ်ချက်မထားဘဲ တင်ခွင့်ပြုဖို့လိုချင်တယ်”ဟု ပလက်ဝဒေသခံ ကုန်သည်နောက်တဦးက ဆိုသည်။

ထိုသို့ ဆန်တင်သွင်းခွင့်မကန့်သတ်မှုတို့ကြောင့် ဆန်ကုန်သည်တို့မှာ တခါတရံ ဆန်ပြတ်တောက်သွားခြင်းတို့လည်းရှိကြောင်း စစ်ကောင်စီဘက်မှ တရားဝင်ပြေးဆွဲပေးနေသည့် ရေယာဉ်ဖြင့် တင်ခွင့်ရစေလိုကြောင်းလည်း ပလက်ဝဒေသခံတို့က DMG ကိုပြောဆိုကြသည်။

“ရေယာဉ်သင်္ဘောနဲ့ ဆန်၊ ဆီ၊ သံ၊ ဘိလပ်မြေတွေ တင်ခွင့်ရရှိရေးကိုလိုချင်တယ်။ သင်္ဘောက တစ်ပတ်ကို ၂ ရက်သွားလာနေတာ။ အဲဒီပစ္စည်းတွေမတင်ရဘူးဆိုရင် လမ်းစရိတ်စခတွေပိုများတာပေါ့”ဟု ဒုတိယကုန်သည်က ပြောသည်။

ယခုကဲ့သို့ ကုန်ပစ္စည်းအချို့ကို စစ်ကောင်စီရေယာဉ်တွင် သယ်ယူခွင့်မရဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား DMG က ဆက်သွယ်မေးမြန်းခဲ့ရာ သူ့အနေဖြင့်ယင်းကိစ္စကို မသိကြောင်းဆိုသည်။

“အဲဒီကိစ္စကို ငါ့လည်းမသိဘူး။ ငါသိတာက ရေကြောင်းယာဉ်တွေက တစ်ပတ်ကို သင်္ဘောနှစ်စီးထွက်နေတယ်။ ပြီးရင် နောက်တစ်စီးကတော့ ကြားရက်မှာ ရေဘဝဲဆိုတဲ့ချာတာက ငှားတဲ့ သူတွေရှိရင် ထွက်ပေးတယ်တို့သိရတယ်။ ဆန်တွေ၊ ဘိလပ်မြေ၊ လောင်စာဆီတွေမတင်ရဆိုတာက ကန့်သတ်တဲ့လူတွေပဲသိမယ်။ ဘယ်သူတွေ၊ ဘယ်ဌာနကကန့်သတ်တယ်လဲဆိုတော့ သူတို့ပဲသိမှာ”ဟု ဦးလှသိန်းက ဆိုသည်။

ယင်းကြောင့် ဒေသခံတို့ပြောဆိုချက်အရ အဆိုပါကုန်ပစ္စည်းတို့မှာ စစ်တပ်မှကန့်သတ်ထားခြင်းဟု ပြောဆိုချက်နှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိတွင် ကျောက်တော်မှ ပလက်ဝသို့ စစ်ကောင်စီမှပြေးဆွဲနေသည့် ရေနယားအမည်ရှိရေယာဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ရေးကြောင်းခရီးစဉ်အဖြစ် ခရီးသည်နှင့် ကုန်ပစ္စည်းတို့ကို တင်ဆောင်ပြေးဆွဲနေခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်မှဒေသခံတို့မှာ ကျောက်တော်မှ တင်သွင်းသည့် ကုန်ပစ္စည်းတို့ကို အဓိကအသုံးပြုနေရခြင်းလည်းဖြစ်သည်။