- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ဒေသထွက် ဆားများကို အရည်အသွေးကောင်းမွန်အောင်ထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်ဖော်ဆောင်ပေးရန်တင်ပြထား
ရခိုင်ပြည်နယ်မှထွက်ရှိသည့် ဆားများကို အရည်အသွေးကောင်းမွန်သည့် ကုန်ချောများအဖြစ်ထုတ်လုပ်နိုင်ရန်နှင့် ဆားများရောင်းချနိုင်ဖို့ ဈေးကွက်ဖော်ဆောင်ပေးရန်အတွက် သက်ဆိုင်ရာသို့တင်ပြထားကြောင်း ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှသိရသည်။
02 Feb 2022
DMG ၊ ဖေဖေါ်ဝါရီ ၂
ရခိုင်ပြည်နယ်မှထွက်ရှိသည့် ဆားများကို အရည်အသွေးကောင်းမွန်သည့် ကုန်ချောများအဖြစ်ထုတ်လုပ်နိုင်ရန်နှင့် ဆားများရောင်းချနိုင်ဖို့ ဈေးကွက်ဖော်ဆောင်ပေးရန်အတွက် သက်ဆိုင်ရာသို့တင်ပြထားကြောင်း ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှသိရသည်။
လက်ရှိရခိုင်မှထွက်ရှိသောဆားများမှာ ဆားကြမ်းအနေဖြင့်သာ ထွက်ရှိနေသည့်အတွက် အဆိုပါဆားကြမ်းမှ ကုန်ချောဆားအဖြစ်ထုတ်လုပ်နိုင်ရန်နှင့် ဘင်္ဂလားဒေ့နိုင်ငံသို့ တင်ပို့ရောင်းချခွင့်ရရှိနိုင်ရန်အတွက် တင်ပြတောင်းဆိုထားသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းကပြောသည်။
“ဒီဆားကနေ ဓာတ်ဆားထုတ်လို့ရတယ်။ မက်ဂနီဆီယမ်တွေထုတ်လို့ရတယ်။ နောက်ပြီး စားပွဲတင်ဆားတွေ ထုတ်လို့ရတယ်ဆိုတာတွေရယ်ကိုတင်ပြထားတယ်။ ဘင်္ဂလားဒေ့ရှ်ကိုတင်ဖို့ကျတော့ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းက ဆောင်ရွက်ပေးမှဖြစ်မှာကြောင့် ဒါကိုလည်း ရှင်းရှင်းလင်းလင်းရေးပြီး အသနားခံတောင်းဆိုထားပါတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်တွင် ဆားများကို သမားရိုးကျနည်းလမ်းများအတိုင်း နေလှမ်းဆားအဖြစ်သာထုတ်လုပ်နိုင်သေးပြီး ထိုဆားများကိုသန့်စင်ရန်အတွက် ခေတ်မီစက်ကိရိယာများမရှိသေးသည့်အတွက် ထိုစက်များတည်ဆောက်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။
“ဒီလိုမျိုးအထောက်အပံ့တွေရခဲ့မယ်ဆိုရင် အခုပြည်ပကနေ ဆားတွေကိုတင်သွင်းနေရတာတွေကိုလည်း လျှော့ချနိုင်မှာဖြစ်သလို အခြားကိုတင်ပို့နိုင်တဲ့အတွက် အစိုးရမှာလည်း နိုင်ငံခြားဝင်ငွေရရှိမှာဖြစ်တဲ့အတွက်ကြောင့် အခုလိုတင်ပြရတာလည်းဖြစ်ပါတယ်”ဟု ဦးသန်းဝင်းကပြောသည်။
လက်ရှိရခိုင်တွင် ဆားဈေးကွက်မရှိသည့်အတွက် ဆားလုပ်ငန်းလုပ်ကိုင်သူများမှာ အခက်တွေ့နေကြရပြီး ဒေသထွက်ဆားများကို အရှုံးနှင့်ပြန်လည်ရောင်းချနေရကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
“ဆားတွေက ရောင်းဖို့နေရာမရှိတော့ မနှစ်ကဆားတွေတောင် အခုထိရှိနေသေးတယ်။ အရင်ကဝယ်ခဲ့တဲ့ဒိုင်တွေကလည်း မဝယ်ကြတော့ အခုထိမရောင်းရသေးဘူး”ဟု ပေါက်တောမြို့မှ ဆားလုပ်ငန်းလုပ်ကိုင်သူ ဦးအေးသာအောင်ကပြောသည်။
လက်ရှိရာသီမှာ ရခိုင်မှ ဆားကြမ်းစတင်ပေါ်သည့်ရာသီဖြစ်သော်လည်း ဆားကြမ်းတစ်ပိဿာလျှင် ငွေကျပ်ငါးဆယ်ဝန်းကျင်ခန့်သာပေါက်ဈေးရှိကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ရခိုင်တွင် ဆားချောတစ်ပိဿာလျှင် ငွေကျပ် ၂၅၀ ခန့်ရှိသော်လည်း ဆားကြမ်းတစ်ပိဿာလျှင် ငွေကျပ် ၅၀ ဝန်းကျင်ခန့်သာရှိသည်။ ထို့ကြောင့် ရခိုင်တွင် ဆားလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်းနည်းပါးလာနေပြီး ဆားထုတ်လုပ်မှုမှာလည်း ၉၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားပြီဖြစ်ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။