စစ်တွေ ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပိုင်းကို ပြန်လည် ပြေးဆွဲရန်ပြင်ဆင်နေ

စစ်တွေမြို့နယ်ရှိ ပြည်တော်သာ-ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG သို့ပြောသည်။

23 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၃

စစ်တွေမြို့နယ်ရှိ ပြည်တော်သာ-ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG သို့ပြောသည်။

အဆိုပါလမ်းပိုင်းရှိ လမ်းနှင့်တံတားအချို့ကို ပြန်လည်ပြင်ဆင်ရန်လုပ်ဆောင်နေပြီး ရထားလမ်းပိုင်းပြင်ဆင်ခြင်း၊ ပြေးဆွဲမည့် မီးရထားစက်ခေါင်းနှင့် ရထားတွဲများပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

“လက်ရှိမှာတော့ ပြည်တော်သာနဲ့ ပါဒလိတ်ကြားက လမ်းတွေ၊တံတားတွေကို ပြင်ဖို့လုပ်နေတယ်။ အဲဒါပြီးရင် ရေချမ်းပြင်နဲ့ ပြည်တော်သာနဲ့ကြားကို ရထားပြေးဖို့လုပ်နေတယ်ပေါ့နော်”ဟု ရဲမှူးကြီးသက်လွင်ကပြောသည်။

လက်ရှိတွင် မည်သည့်အချိန်၌စတင်ပြေးဆွဲမည်ကို အတိအကျမသိရသေးကြောင်းနှင့် ဘတ်ဂျတ်အခြေအနေနှင့် လမ်းပိုင်ပြင်ဆင်မှုများအရ အဆိုပါရထားလမ်းပိုင်းကို လာမည့်ဧပြီလနောက်ပိုင်းမှသာ ပြေးဆွဲနိုင်မည်ဟု ၎င်းကခန့်မှန်းပြောဆိုသည်။

“လောလောဆယ်တော့ အသေးစိတ်ကိုမသိရသေးဘူး။ ဘတ်ဂျတ်တွေနဲ့လည်း ဆိုင်တာကို။ ဒီဘတ်ဂျတ်က လာမယ့်မတ်လ ၃၁ ဆိုရင်ပြီးပြီဆိုတော့ လာမယ့်ဧပြီလနောက်ပိုင်းမှ ပြီးနိုင်မယ်လို့ထင်ပါတယ်”ဟု ၎င်းကသုံးသပ်သည်။

လက်ရှိ အဆိုပါလမ်းပိုင်းကို ပြည်ထောင်စုမှလုပ်ကိုင်နေခြင်းဖြစ်သည့်အတွက် အသေးစိတ်ကိုမသိရသေးကြောင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအဆင်ပြေစေရေးအတွက် အစပျိုး လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ရဲမှူးကြီးသက်လွင်ကဆိုသည်။

သို့သော် ယလုရထားတွဲပြေးဆွဲမည့် ရေချမ်းပြင်မှာ ကုန်စည်စီးဆင်းမှုမရှိသည့်နေရာတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ ရထားလမ်းပြေးဆွဲခြင်းသည် အကျိုးတစ်စုံတစ်ရာမဖြစ်ထွန်းနိုင်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖဥက္ကဋ္ဌဖြစ်သူ ဦးမောင်သာစိန်က ရှုမြင်သည်။

“ဒီကိစ္စရဲ့အကျိုးသက်ရောက်မှုက မြင်းမိုရ်တောင်ကိုလဇီးစေ့နဲ့ပေါက်သလိုပဲဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရေချမ်းပြင်ဆိုတဲ့နေရာကလည်း ကုန်စည်စီးဆင်းမှုဘာမှရှိတဲ့နေရာ မဟုတ်ဘူးလေ။ အဓိက စစ်တွေအတွက် အရေးကြီးတဲ့ကုန်တွေကိုသယ်ဖို့ မရှိမဖြစ်လိုတဲ့လမ်းကြောင်းကို လုပ်တာမျိုးပဲဖြစ်သင့်တယ်”ဟု ၎င်းကဆိုသည်။

ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပိုင်းကြားတွင် ရထားဘူတာလေးခုရှိပြီး လက်ရှိတွင် ဘူတာရုံများနှင့် ရထားလမ်းကို ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေသည်ကို တွေ့ရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ တိုင်းခွဲ-စစ်တွေ၏ နယ်နိမိတ်နှင့် ခရီးမိုင်များအရ စစ်တွေမှ ကျောက်တော်(၅၄ ဒသမ ဝ၈)မိုင်ရှည်လျားပြီး၊ ပြည်တော်သာ-ရေချမ်းပြင် လမ်းပိုင်း(၁၁ ဒသမ ၄၆)မိုင်နှင့် ကွမ်းတောင်-ကျောက်တော် လမ်းပိုင်း(၄၂ ဒသမ ၆၂)မိုင် လမ်းပိုင်းနှစ်ပိုင်းရှိကြောင်း အစိုးရမှထုတ်ပြန်သည့်အချက်အလက်အရ သိရသည်။

ကိုမန်မုန်တိုင်းနှင့် မိုရာမုန်တိုင်းအပါအဝင် ဒေသတွင်းပဋိပက္ခများ၊ လမ်းတံတားအခြေအနေများကြောင့် ရခိုင်ပြည်နယ်ရှိ ရထားဘူတာအချို့ မကြာခဏပိတ်ခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ မတ် ၁၄ ရက်တွင် နယ်မြေအခြေအနေအရ ကွမ်းတောင်-ကျောက်တော် လမ်းပိုင်းကို ပိတ်ခဲ့ရသည်။