တင်းမရွာသားများနေရပ်ပြန်ရေး နယ်လုံနှင့်ဆွေးနွေးမှု ရလာဒ်ကောင်းခဲ့ဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည့် တင်းမကျေးရွာသားများ ယခုလအတွင်း နေရပ်ပြန်နိုင်ရန် ကြိုးပမ်းပေးသွားမည်ဟု ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကပြောဆိုကြောင်း တင်းမဆရာတော်ထံမှ သိရသည်။

08 Oct 2021

DMG ၊ အောက်တိုဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည့် တင်းမကျေးရွာသားများ ယခုလအတွင်း နေရပ်ပြန်နိုင်ရန် ကြိုးပမ်းပေးသွားမည်ဟု ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကပြောဆိုကြောင်း တင်းမဆရာတော်ထံမှ သိရသည်။

တင်းမကျေးရွာသားများနေရပ်ပြန်ရေးနှင့်ပတ်သက်၍ နယ်လုံဝန်ကြီးနှင့် တင်းမဆရာတော်တို့ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် ဗိုလ်မှူးကြီးကျော်သူရက ယင်းသို့ပြောကြားခဲ့ကြောင်း တင်းမဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။

“ဝန်ကြီးက ဘယ်နေ့ပြန်မှာလဲလို့မေးတယ်။ ဦးဇင်းတို့ကတော့ ဒီလ ၂၂ ရက်နေ့ကို နေရပ်ပြန်ဖို့ပြောခဲ့တယ်။ အဲဒီရက်မတိုင်မီမှာ ဝန်ကြီးတို့ဘက်ကအကြောင်းပြန်မှု တစ်ခုခုကိုလိုလားတယ်လို့လည်းပြောခဲ့တယ်။ ဝန်ကြီးကတော့ တပည့်တော်တို့အထက်ကိုတင်ပြပြီး နေရပ်ပြန်နိုင်အောင်ကြိုးစားပေးသွားမယ်လို့ ပြောဆိုခဲ့တယ်”ဟု ဆရာတော်ကမိန့်သည်။

တင်းမရွာသားများနေရပ်ပြန်ရန်အတွက် မိုင်းရှင်းပေးရန်နှင့် ကျေးရွာအနီးတပ်စွဲထားသည့် မြန်မာစစ်သားများနှင့်လည်း ပြေပြေလည်လည်နေထိုင်နိုင်ရေးအတွက် နယ်လုံထံ တင်ပြခဲ့ကြောင်း သိရသည်။

တင်းမရွာသားများ နေရပ်ပြန်မည့်နေ့ကို အတိအကျမသိရသေးသော်လည်း ကျေးရွာသားများနေရပ်ပြန်နိုင်ရန် နယ်လုံမှ ဆောင်ရွက်ပေးနိုင်မည်ဟုမျှော်လင့်ကြောင်း ဆရာတော်အရှင်ဝါယမိန္ဒကမိန့်ကြားသည်။

“မနေ့က တွေ့ဆုံဆွေးနွေးချက် အကောင်းဆုံးဖြစ်တယ်။ ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီးတော့လည်း ကျေနပ်အားရစရာတွေဖြစ်တယ်။ အတိအကျမသိရသေးပေမယ့် အထက်ကိုတင်ပြပြီး ကြိုးစားဆောင်ရွက်ပေးမယ်လို့ပြောဆိုခဲ့တာကိုတော့ ဦးဇင်းတို့က အားရဝမ်းသာဖြစ်တယ်”ဟု ဆရာတော်က ဆက်၍မိန့်သည်။

တင်းမရွာသားများနေရပ်ပြန်ရန်အတွက် မည်သို့ဆောင်ရွက်ပေးသွားမည်ကို DMG မှ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက တင်းမကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးပြီးနောက် ကျေးရွာသားများမရှိခိုက် ရွာအတွင်းမှ နေအိမ်များမီးရှို့ခံခဲ့ရသည်။

မီးရှို့ခံရမှုနှင့် လူမနေထိုင်မှုတို့ကြောင့် တင်းမကျေးရွာမှ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးယိုယွင်းမှုများရှိနေကြောင်း ယခုနှစ်မတ်လအတွင်းက ကျေးရွာသို့သွားရောက်ကြည့်ရှုခဲ့သည့် တင်းမကျေးရွာသားများက ပြောသည်။

တင်းမကျေးရွာသားများနေရပ်ပြန်ရေးအတွက် မိုင်းကိစ္စအပြင် အခြားကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း တင်းမကျေးရွာမှ ဦးစောသိန်းကပြောသည်။

“မိုင်းရှင်းလင်းရေးကိစ္စတစ်ခုတည်းနဲ့ မပြည့်စုံသေးဘူး။ အထူးသဖြင့် မီးလောင်ဆုံးရှုံးသွားတဲ့နေအိမ်တွေ၊ ပြန်လည်ထူထောင်ဖို့အတွက် အခြားလုပ်ငန်းခွင်ကိစ္စတွေကိုလုပ်ပေးစေချင်တယ်။ ဒါမှလည်း ကျွန်တော်တို့ဘဝအသက်ရှင်ဖို့ ပြည်လည်ထူထောင်နိုင်မယ်”ဟု ၎င်းကပြောသည်။

တင်းမကျေးရွာသားများမှာ နေရပ်ကိုစွန့်ခွာကာ ဒုက္ခသည်စခန်းများ၌ ဒုက္ခသည်အဖြစ်နှင့်နေထိုင်နေကြရသည်မှာ (၂)ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဒုက္ခသည်စခန်းများ၌ စားဝတ်နေရေးကျပ်တည်းလာခြင်း၊ စစ်ဘေးရှောင်ဘဝနှင့်နေထိုင်ရသည်ကို မွန်းကျပ်လာခြင်းတို့ကြောင့် တင်းမရွာသားများမှာ နေရပ်ပြန်ရန်ကြိုးပမ်းလာကြခြင်းဖြစ်သည်။

၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှစ၍ နေရပ်ပြန်ရန် ကြိုးပမ်းနေကြခြင်းလည်းဖြစ်သည်။

နေရပ်ပြန်မည်ဆိုပါက ပျက်စီးသွားသည့်နေအိမ်များနှင့် စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးမှုကိုလိုအပ်ကြောင်း တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက ပြောသည်။

“ကျွန်တော်တို့နေရပ်ကိုတော့ပြန်ချင်ပါတယ်။ နေရပ်ကိုသွားရင်တော့ နေဖို့ထိုင်ဖို့ကအရေးကြီးတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်။ ပြန်ချင်တယ် ကိုယ့်ရပ်ကိုယ်ရွာမှာဆိုရင် စိတ်ချမ်းသာသာနဲ့နေထိုင်လို့ရတယ်။ ကျွန်တော်တို့ ပြန်ဖို့အတွက်လည်း လိုအပ်ချက်တွေကို လုပ်ဆောင်ပေးဖို့လိုတယ်”ဟု ဦးမောင်ကျော်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသည်မှာ (၁)နှစ်ခန့် ကြာမြင့်လာနေပြီဖြစ်သည်။

တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများရှိလာသည်။ သို့သော် အခက်အခဲအမျိုးမျိုးကြောင့် နေရပ်ပြန်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ကိုးသောင်းကျော်ခန့်ရှိနေသေးကြောင်း သိရသည်။