- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အားကောင်းသောမုန်တိုင်းငယ်ကို အနီရောင်အဆင့်သတ်မှတ်ထားဟု မိုး/ဇလထုတ်ပြန်
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ကို အနီရောင်အဆင့်သတ်မှတ်ထားကြောင်း ယနေ့နံနက် ၁၀ နာရီခွဲတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
22 Mar 2022
DMG ၊ မတ် ၂၂
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ကို အနီရောင်အဆင့်သတ်မှတ်ထားကြောင်း ယနေ့နံနက် ၁၀ နာရီခွဲတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိနေသည့်အခြေအနေဖြစ်သဖြင့် အနီရောင်အဆင့်သတ်မှတ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“မုန်တိုင်းက ဟိုင်းကြီးကျွန်းအနီးကိုရောက်နေပြီဆိုတော့ အနီရောင်အဆင့်လို့သတ်မှတ်ထားတယ်။ ကြိုတင်ပြင်ဆင်တာက လိမ္မော်ရောင်အဆင့်တည်းကလုပ်ရတာ။ အနီရောင်အဆင့်ဆိုတာက ဘေးလွတ်ရာနေရာကိုပြောင်းရွှေ့နေထိုင်ရတော့မှာ။ ပြည်သူအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုအပိုင်းတွေမပြီးသေးလည်း ဘေးလွတ်ရာနေရာတွေကိုသွားရောက်နေထိုင်ကြပါ”ဟု မိုး/ဇလညွှန်ကြားရေးမှူး ဦးလှထွန်းကပြောသည်။
အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်ပြီး ယနေ့နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုလည်း မိုးဇလကခန့်မှန်းထားသည်။
အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ မတ်လ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလကအသိပေးနှိုးဆော်ထားသည်။