မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များ ယနေ့စတင်ပို့ဆောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုကို ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

20 Oct 2021

DMG ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုကို ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီနေ့မနက်ကစပြီး ကုန်တွေတင်ပို့ခွင့်ရပါပြီ။ အချိန်တွေကြန့်ကြာခဲတာတွေရှိတော့ ဆုံရှုံးမှုတွေရှိခဲ့ပါတယ်"ဟု ကုန်သည်တစ်ဦးဖြစ်သည့် ကိုထွန်းခင်က DMG သို့ ပြောသည်။

ယနေ့တင်ပို့နေသည့် ပို့ကုန်များမှာ ငါးမြှစ်ချင်း၊ ဇီးယို၊ ကွမ်းသီး၊ငါးခြောက်၊ အထည်လိပ်၊ မာမိခေါက်ဆွဲနှင့် အလှကုန်ပစ္စည်းများ၊ ကော်ဖီမစ်တို့ပါဝင်ကြသည်။

ကိုဗစ်တတိယလှိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့သည်။

ယင်းသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများ ယာယီရပ်နားထားသည်မှာ သုံးလခန့်ကြာမြင့်လာပြီးနောက် အောက်တိုဘာ ၁၃ ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

သို့သော် မောင်တောနယ်စပ်ကုန်သွယ်ရာတွင် စီပွါးရေးဇုန်လမ်းများ ပျက်စီးနေမှုကြောင့် ကုန်သွယ်မှုမပြုလုပ်နိုင်ခဲ့ဘဲ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင်စ၍ ကုန်သွယ်မှုစတင်ပြုလုပ်ရခြင်းဖြစ်သည်။