- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က NGO/INGO များကို ခရီးသွားလာခွင့် ပြန်လည်ခွင့်ပြုပြီဖြစ်သော်လည်း လွတ်လပ်စွာ ကူညီခွင့်မရသေး
လက်ရှိမှာ လွတ်လပ်စွာ ကူညီထောက်ပံ့မှုများ မရသေးသည့်အပြင် သွားလာကူညီရသည့် အချိန်ကာလကိုလည်း ကန့်သတ်ထားမှုများရှိနေသေးသည်။
14 Jan 2023
DMG၊ ဇန်နဝါရီ ၁၄
ရခိုင်က NGO/INGO များကို စစ်ကောင်စီမှ ခရီးသွားလာခွင့် ပြန်လည်ခွင့်ပြုပြီဖြစ်သော်လည်း စစ်ဘေးရှောင်စခန်းများနှင့် IDP ဒုက္ခသည်စခန်းများကို လွတ်လပ်စွာ ကူညီ၍ မရသေးကြောင်း စုံစမ်းသိရှိရသည်။
ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ခရီးသွားလာခွင့် ပြန်လည်ခွင့်ပြုထားခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသည့် NGO/INGO အဖွဲ့အစည်းများသည် လှူဒါန်းမည့်ပစ္စည်းများကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့် မရသေးခြင်းလည်း ဖြစ်သည်။
“ဒီလ ရှေ့နှစ်ကပတ်လောက်က သွားလာခွင့်ပြန်ရတာပါ။ သူတို့က သွားခွင့်ပေးတယ်ဆိုလို့ သွားတာပါ။ စာနဲ့ထုတ်ပြီးတော့ သွားခွင့်ပေးတယ် အဲလိုမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့မှာ ခရီးသွားမယ်ဆိုရင် တစ်လ တစ်ခါစီ တင်ရတယ်။ သွားလာခွင့်ပိတ်ထားပေမဲ့ ခွင့်ပြုချက်တော့ လစဉ်တင်ပါတယ်။ အဲဒီလိုတင်တာမှာ ဒီလမှာမှ သူတို့က ပြန်ပြီးခွင့်ပြုပေးတယ်ပေါ့။ အရင်ကလိုတော့ လွတ်လွတ်လပ်လပ် သွားလှူခွင့်တော့ မရသေးဘူး။ သူတို့က ဖြည်းဖြည်းချင်း ခွင့်ပြုပေးတဲ့ သဘောပါ” ဟု ရခိုင်မှ INGO အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိမှာ လွတ်လပ်စွာ ကူညီထောက်ပံ့မှုများ မရသေးသည့်အပြင် သွားလာကူညီရသည့် အချိန်ကာလကိုလည်း ကန့်သတ်ထားမှုများရှိနေကြောင်း စစ်တွေမြို့ရှိ NGO အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောဆိုသည်။
“ပေါက်တောကိုတော့ အခုသွားလာခွင့်တော့ ရနေပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပါ။ နှစ်ပတ်လောက် သူတို့က ခွင့်ပြုပေးတယ်။ ပြီးရင် ပြန်ပိတ်မယ်လို့တော့ ပြောပါတယ်။ ဆေးဝါးကတော့ ပုံမှန်တော့ ဆင်းနေပါတယ်။ အရင်နှစ်ပတ်ကဆိုရင် တစ်ပတ်မှာ ၁ ရက်ပဲ ဆင်းရပါတယ်။ အခုကတော့ ဆေးဝါးက အရေးကြီးနေတဲ့အတွက် တစ်ပတ်မှာ ၅ ရက်လောက် ဆင်းရပါတယ်။ TA တင်ပြီး သူတို့က ခွင့်ပြုမှ သွားရတာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့် AA တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေချိန်တွင် စစ်ကောင်စီမှ လုံခြုံရေးကို အကြောင်းပြပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ NGO/INGO များကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး ၊ မင်းပြား၊ မြေပုံမြို့နယ်တို့အား ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလအတွင်းမှာလည်း ကျောက်တော်နှင့် ပေါက်တောမြို့နယ်များသို့ ခရီးသွားခွင့် ထပ်မံပိတ်ပင်ခဲ့သည်။
ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် ကူညီအထောက်အပံ့ နည်းပါးလာမှုများကြားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပုံမှန်ပေးနေသည့် NGO/INGO အဖွဲ့အစည်းများကို စစ်ကောင်စီမှ သွားလာခွင့် ပိတ်ပင်ထားခဲ့သောကြောင့် စစ်ဘေးရှောင်များနှင့် IDP စခန်းများမှ ဒုက္ခသည်များမှာ ပို၍ အခက်အခဲများဖြင့် ကြုံတွေခဲ့ကြရခြင်းဖြစ်သည်။
NGO/INGO များ ခရီးသွားလာပြီး ကူညီခွင့်ရပြီးနောက်ပိုင်းတွင် ရခိုင်က မြို့နယ်များတွင်ရှိသည့် စစ်ဘေးရှောင်များမှာ စောင်၊အနွေးထည်များအပြင် စားနပ်ရိက္ခာအချို့ကိုလည်း လက်ခံရရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မြောက်ဦးမြို့နယ်၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝင်းမောင်က “ကျနော်တို့မှာ PFP ကလည်း ငွေကြေးတချို့ လာလှူတာတွေရှိတယ်။ ICRC ကလည်း စားနပ်ရိက္ခာတချို့ လာထောက်ပံ့ကြတာတွေ ရှိပါတယ်။ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို သွားလာခွင့်ကန့်သတ်ထားတုန်းကဆိုရင် ကျနော်တို့ ဆန်ပြုတ်သောက်ပြီး နေခဲ့ရပါတယ်။ အခုလို ငတ်ပြတ်နေတဲ့အချိန်မှာ ကျနော်တို့ အထောက်အပံ့ရတော့ ၀မ်းသာပါတယ်။ အဆင်လည်း ပြေပါတယ်။ ထပ်ပြီး ဝမ်းသာစရာတစ်ခုက နယ်စည်းမထားဆရာဝန်များအဖွဲ့ကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်အတွင်းရှိ IDP စခန်းက ဒုက္ခသည်များမှာလည်း အကူအညီများ လက်ခံရရှိနေပြီဖြစ်ကြောင်း DMG မှ စုံစမ်းသိရှိရသည်။
“ကျနော်တို့မှာ NGO/INGO အဖွဲ့အစည်းတွေကို သွားလာခွင့် ပိတ်ထားတုန်းကဆိုရင် အခက်အခဲတွေ အရမ်းရှိခဲ့ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေ မရောက်၊ ဆေးကုသခွင့် မရကြဘူး။ အထောက်အပံ့တွေလည်း မရဘူး။ WFP ကလည်းမရဘူး။ အခက်အခဲတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒီလအစပိုင်းကနေစပြီး ကျန်းမာရေး အဖွဲ့အစည်းတွေ ရောက်တယ်။ အထောက်အပံ့၊ စောင်၊ အနွေးထည်တွေလည်းရတယ်” ဟု ပေါက်တောမြို့နယ်၊ ငှက်ချောင်း(၁) ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသူ ဦးရွှေလှက ပြောသည်။
စစ်ရေးကာလအတွင်း စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ပိတ်ထားခဲ့သည့် ကားလမ်းနှင့် ရေလမ်းခရီးများကို တကျော့ပြန် အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း တဖြည်းဖြည်း ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ တင်းကြပ်စွာပိတ်ထားခဲ့သည့် ဆေးဝါးသယ်ယူခွင့်ကိုလည်း ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
“အခုလဆန်းပိုင်းက စပြီးတော့ ဆေးဝါးသယ်ယူခွင့်ရတယ်။ ဒါပေမဲ့ ကုန်းလမ်းကဆိုရင် နယ်/လုံလက်မှတ်ပါမှ သယ်ခွင့်ရတယ်။ လေကြောင်းကဆိုရင်တော့ နယ်/လုံလက်မှတ်မလိုဘူး။ ဒါပေမယ့် လေယာဉ်နဲ့ဆိုရင် စျေးအရမ်းကြီးတယ်” ဟု စစ်တွေမြို့မှ ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။
လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၉၀,၀၀၀ နီးပါးအထိ ရှိနေသေးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇန်နဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
#I001