အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသည့် တင်းမကျေးရွာသားများနေရပ်ပြန်ရေး စစ်ကောင်စီဥက္ကဋ္ဌထံ စာပေးပို့တောင်းဆိုထား

အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသေးသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများ နေရပ်ပြန်ခွင့်ရရှိရေးအတွက် ယခုတစ်ကြိမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့တောင်းဆိုထားကြောင်း တင်းမကျေးရွာမှ ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။

03 Nov 2021

DMG ၊ နိုဝင်ဘာ ၃

အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသေးသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများ နေရပ်ပြန်ခွင့်ရရှိရေးအတွက် ယခုတစ်ကြိမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့တောင်းဆိုထားကြောင်း တင်းမကျေးရွာမှ ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။

တင်းမကျေးရွာသားများ နေရပ်ပြန်ရေးကိစ္စကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တွင် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း ဆရာတော်ကမိန့်သည်။

“ဒီကိစ္စကို ပြည်နယ်ကမဖြေရှင်းနိုင်လို့ယူဆတဲ့အတွက် နိုင်ငံတော်အဆင့်ကို တင်ပြတောင်းဆိုလိုက်တာဖြစ်တယ်"ဟု ဆရာတော် အရှင်ဝါယမိန္ဒက DMG သို့မိန့်သည်။

တင်းမကျေးရွာသားများနေရပ်ပြန်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌထံ နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် စာပေးပို့တောင်းဆိုထားပြီး ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့လည်း မိတ္တူပေးပို့ထားကြောင်း သိရသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ခုနှစ် မတ်လအတွင်းကနေ တင်းမကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

ကျေးရွာသားများမရှိခိုက်တွင် ရွာအတွင်းမှနေအိမ်များ မီးရှို့ခံခဲ့ရပြီး လူမနေထိုင်ဘဲကြာမြင့်လာသည့်အတွက်လည်း တင်းမကျေးရွာမှ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးယိုယွင်းမှုများရှိနေကြောင်း ယခုနှစ်မတ်လအတွင်းက ကျေးရွာသို့သွားရောက်ကြည့်ရှုခဲ့သည့် ရွာသားများကပြောသည်။

လက်ရှိစစ်ကောင်စီဥက္ကဋ္ဌထံ နေရပ်ပြန်ခွင့်ရရှိရေးတောင်းဆိုမှုနှငိ့ပတ်သက်၍ တင်းမကျေးရွာပြန်လည်ထူထောင်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးမောင်ထွန်းညွှန့်က “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တိုင်းသားရင်းပြည်သူတွေအပေါ်စေတနာရှိရင် လုပ်ပေးသင့်တယ်လို့မြင်တယ်”ဟု ပြောသည်။

တင်းမကျေးရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်သည်။ အဆိုပါကျေးရွာသားများ စစ်ဘေးတိမ်းရှောင်ပြီး ကျေးရွာကိုစွန့်ခွာလာခဲ့သည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်တွင်လည်း မြန်မာစစ်တပ်က လက်ရှိအချိန်ထိ တပ်စွဲနေထိုင်လျက်ရှိနေသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ၂ နှစ်တာကာလအတွင်း ကျေးရွာများမီးရှို့ခံရမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးမှုများရှိခဲ့သည်။

အရပ်ဖက်အဖွဲ့အစည်းများမှ ကောက်ယူထားသည့်စာရင်းအရ စစ်ရေးပဋိပက္ခကြားတွင် ရခိုင်မှ ကျေးရွာပေါင်း ၄၀ ကျော်နှင့် နေအိမ် ၁၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။