NUG နှင့် AA တို့တွေ့ဆုံမှုရှိသော်လည်း စစ်ကောင်စီမှ ရခိုင်တွင် လတ်တလောစစ်မျက်နှာမဖွင့်နိုင်ဟု သုံးသပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)တို့ကြား တွေ့ဆုံဆွေးနွေးမှုရှိသော်လည်း စစ်ကောင်စီက လတ်တလောတွင် ရခိုင်ပြည်အတွင်း စစ်မျက်နှာဖွင့်မည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခက်သူတို့က သုံးသပ်ပြောဆိုကြသည်။

18 May 2022

DMG ၊ မေ ၁၈

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)တို့ကြား တွေ့ဆုံဆွေးနွေးမှုရှိသော်လည်း စစ်ကောင်စီက လတ်တလောတွင် ရခိုင်ပြည်အတွင်း စစ်မျက်နှာဖွင့်မည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခက်သူတို့က သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီအနေဖြင့် နွေဦးတော်လှန်ရေးစစ်ဆင်ရေးများနှင့်ရင်ဆိုင်နေရသဖြင့် ရခိုင်တွင် စစ်မျက်နှာမဖွင့်နိုင်အောင်ကြိုးစားမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကဆိုသည်။

“တစ်ပြည်လုံးမှာ နွေဦးတော်လှန်ရေးစစ်ဆင်ရေးတွေနဲ့ ရင်ဆိုင်နေကြတဲ့တပ်တွေ ရခိုင်ပြည်မှာ အေအေနဲ့နားလည်မှုယူပြီးတော့ အပစ်ရပ်စဲထားတဲ့အတွက် စစ်ကောင်စီကတော့ တတ်နိုင်သေလာက် ရခိုင်မှာစစ်မျက်နှာမဖွင့်နိုင်အောင်ကြိုးစားမှာပဲ”ဟု ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

သို့သော် ULA/AA အနေဖြင့် လက်ရှိရခိုင်ပြည်အတွင်းလုပ်ဆောင်နေသည့် အုပ်ချုပ်ရေးယန္တရားများအား တိုးမြှင့်ဆောင်ရွက်လာမည်ဆိုပါက စစ်ကောင်စီဘက်မှ တိုက်ခိုက်မှုများရှိလာနိုင်သည်ဟု ဦးသန်းစိုးနိုင်ကဆက်၍ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)တို့ ပြီးခဲ့သည့်(မေလ ၁၆ ရက်)တွင် အွန်းလိုင်းမှတစ်ဆင့် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG ကထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများ၊ တိုင်းပြည်၏အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း NUG က ဆိုသည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရဖက်မှ လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

NUG နှင့် ULA/AA တို့ တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုပြီး NUG အနေဖြင့် မိမိတို့လိုလားမှုကို မည်မျှအထိအာမခံချက်ပေးနိုင်မည်ကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

“အထူးသဖြင့် အစိုးအဆက်ဆက်ကိုပဲဖြစ်ဖြစ်၊ လက်ရှိအစိုးရကိုပဲဖြစ်ဖြစ် အတိုက်အခံသွားနေချိန်မှာ ကိုယ်ကလည်းအတိုက်အခံလုပ်နေတယ်။ ဒီလိုအတိုက်အခံနေတဲ့အင်အားစုတွေနဲ့ မဟာမိတ်ဖြစ်ဖို့က အဓိကကျတယ်။ သို့သော် တစ်ဖက်မှာလည်း ကိုယ့်နဲ့မဟာမိတ်လုပ်တဲ့အဖွဲ့၊ ကိုယ့်နဲ့တွေ့ဆုံဆွေးနွေးတဲ့အဖွဲ့က ဘယ်လောက်ထိ မိမိတို့ရဲ့လိုလားမှုကို အာမခံချက်ပေးနိုင်မှာလဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့လိုတယ်”ဟု ဦးခိုင်ကောင်းစံက ရှုမြင်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စများတွင် ကိုယ်တိုင်ပါဝင်ခြင်းမရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့အစည်းအချို့ကို စစ်ရေးအရ ကူညီပေးမှုများရှိခဲ့ကြောင်း မကြာသေးမီကထုတ်ဖော်ပြောကြားထားသည်။

ရခိုင်ပြည်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နိုဝင်ဘာလမှစ၍ တိုက်ပွဲရပ်တန့်နေသည်မှာ လက်ရှိတွင် တစ်နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

လက်ရှိတွင် ULA/AA မှ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိပြီး ထိုအပေါ်တွင် စစ်ကောင်စီဖက်က သဘောမကျသည်ကို တွေ့မြင်နေရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တဖြည်းဖြည်းနှင့် စစ်ရေးတင်းမာမှုများရှိလာသည်ကို မြင်တွေနေရသဖြင့် ရခိုင်မှာ တိုက်ပွဲဖြစ်လာနိုင်သည်ဟု နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“အဓိကတော့ AA ဘက်က တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ဘဏ္ဍာ စတဲ့အရင်းအမြစ်တွေကို ကျပ်တည်းအောင်လုပ်တာတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေကတော့ ရှိနေတာ။ ဒါတွေကြောင့် AA နဲ့ ဗမာစစ်တပ်ကြားမှာ တိုက်ပွဲဖြစ်နိုင်တယ်။ သို့မဟုတ် စစ်ရေးအင်အားပြမှုတွေဖြစ်လာနိုင်တယ်။ ထိပ်တိုက်တွေ့မှုတွေရှိလာမှာ”ဟု ဦးဖေသန်းကပြောသည်။

သို့သော် စစ်ကောင်စီဘက်တွင်လည်း အကျပ်အတည်းများရှိသလို ULA မှာလည်း ပြည်သူများ၏အသက်အန္တရာယ်၊ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေးများအတွက် ငဲ့ညာရမည့်ကိစ္စရပ်များရှိသဖြင့် တိုက်ပွဲတောက်လျှောက်ဖြစ်မည်ဆိုသည်ထက် သတိပေးမှုများ မလွဲသာမရှောင်တိုက်ပွဲများဖြစ်လာနိုင်သည်ဟု ဦးဖေသန်းက ဆက်လက်ပြောသည်။

မြန်မာစစ်တပ်က ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ ထပ်မံတိုးချဲ့နေခြင်း၊ ULA/AA ၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသည်ဟု ULA/AA က ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သောကြောင့် တိုက်ပွဲများအချိန်မရွေးပြန်ဖြစ်လာနိုင်သည်ဟု AA က မေလ ၁၅ ရက်နေ့က သတိပေးထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်နှစ်ခန့်ကြာဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဒေသခံ ၂ သိန်းကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင် ခြောက်သောင်းကျော်မှာ နေရပ်မပြန်နိုင်သေးပေ။

ထိုအခြေအနေမျိုးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။