- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှာ စစ်ရေးတင်းမာနေသော်လည်း စစ်ကောင်စီက စစ်မျက်နှာ မဖွင့်နိုင်ဟုသုံးသပ်ကြ
ရခိုင်ပြည်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသော်လည်း စစ်ကောင်စီက စစ်မျက်နှာဖွင့်မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။
25 Jul 2022
DMG ၊ ဇူလိုင် ၂၅
ရခိုင်ပြည်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသော်လည်း စစ်ကောင်စီက စစ်မျက်နှာဖွင့်မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။
စစ်ကောင်စီအနေဖြင့် ကရင်၊ ကယား၊ ကချင်နှင့် စကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း စသည့်ဒေသများမှာ စစ်ရေးအရရင်ဆိုင်ကြုံတွေ့ရသဖြင့် ရခိုင်မှာစစ်မျက်နှာအသစ်ဖွင့်မည်မဟုတ်ဟု သီပေါမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးလည်းဖြစ်သည့် ဦးရဲထွန်းကပြောသည်။
“နစကတော့ ရခိုင်တို့ ရှမ်းပြည်နယ်စပ်တို့မှာ ထပ်ပြီးစစ်မျက်နှာအသစ်ဖွင့်ဖို့တော့ တော်တော်နည်းလိမ့်မယ်ထင်တယ်။ အခု သူ(စစ်ကောင်စီ) ရင်ဆိုင်နေရတဲ့ဒေသတွေမှာတောင် တော်တော်လည်း လုံးပန်းနေရတော့လေ။ တတ်နိုင်သမျှတော့ ဖြစ်ချင်မှမဟုတ်ဘူး။ (ရခိုင်မှာ)ထပ်ပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်၊ မဖြစ်ဆိုတာကလည်း နစကတပ်အပေါ်မှာပဲမူတည်မှာပေါ့”ဟု ဦးရဲထွန်းကပြောသည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ၂၀၁၈ ခုနှစ်မှစ၍ နှစ်နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစကာ နှစ်ဖက်နားလည်မှုနှင့် တိုက်ပွဲရပ်တန့်ခဲ့ကြသည်။
တိုက်ပွဲရပ်တန့်နေသည့်ကာလအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ဒေသအတွင်းမှာ အုပ်ချုပ်ရေးယန္တရားများအား လုပ်ဆောင်မှုရှိခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက ဟန့်တားမှုများရှိလာသဖြင့် နှစ်ဖက်လက်နက်ကိုင်ကြား တင်းမာမှုရှိလာခဲ့သည်။
လတ်တလောအခြေအနေမှာလည်း စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲဆက်ဖြစ်လာနိုင်သည်ဟု ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။
“ဒီကိစ္စတွေက နိုင်ငံရေးကိစ္စဖြစ်တယ်။ စစ်ရေးအခြေအနေက အမြဲတမ်းထပ်ဖြစ်နိုင်တယ်။ မကြာသေးမီကလည်း ဖြစ်သွားတယ်။ နောက်လည်း ဖြစ်နိုင်တဲ့အလားအလာတွေအများကြီးရှိတယ်။ ဒါတွေက ဆွေးနွေးညှိနှိုင်းမယ်လို့ ပါးစပ်ကပြောနေပေမယ့် လက်တွေ့မှာ အကောင်အထည်မဖော်နိုင်တဲ့အတွက်ကြောင့် ဒီလိုဖြစ်တယ်လို့ ကျွန်တာ်ကတော့သုံးသပ်တယ်”ဟု ဦးအောင်သောင်းရွှေက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ ဆောင်ပညာကျေးရွာနှင့် စံကားပင်ရင်း(ရခိုင်)ရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ကျရှုံးခဲ့ပြီး ၁၄ ဦးဖမ်းဆီးရမိသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်ခြင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ရှိ ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းတစ်ခုကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက DMG သို့ ဖြေကြားသည်။
စစ်ကောင်စီနှင့် AA တို့ကြား အပြန်အလှန်ဖြေလျော့ခြင်းမရှိပါက တိုက်ပွဲဖြစ်လာနိုင်ပြီး သို့သော် ယခင်ကဲ့သို့ တိုက်ပွဲဆက်တိုက်ဖြစ်မည့် အလားအလာနည်းသည်ဟု ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းကသုံးသပ်သည်။
“ကြည့်ရသလောက်တော့ နှစ်ဖက်စလုံးက တိုက်ပွဲမဖြစ်ချင်ဘူး။အဲလိုအနေအထားမျိုးနဲ့လည်း နှုတ်ကတိ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်လာခဲ့တာ တစ်နှစ်ကျော်ရှိလာခဲ့ပြီပေါ့။ ဆိုလိုတာကတော့ တစ်ဖက်က ပြည်သူတွေအတွက်ငဲ့ညှာတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးကို တပ်ဖွဲ့အင်အားတွေဖြန့်ကြဲထားရတယ်။ စစ်ရေးအင်အားနည်းနေတယ်။ နှစ်ဖက်စလုံးမှာ လိုအပ်ချက်ရှိနေတဲ့အခြေအနေတွေကြောင့် တိုက်ပွဲတွေက ဆက်တိုက်ဖြစ်မလာနိုင်ဘူး”ဟု ဦးဖေသန်းကဆိုသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိနေသော်လည်း အမြစ်ပြတ်တိုက်ခိုက်ရန်စိတ်ထားမျိုး နှစ်ဖက်စလုံးမှာမရှိသဖြင့် ယခုအချိန် ကြိုကြားကြိုကြား ဖြစ်ပွားမှုအဆင့်သာဖြစ်ပွားနေသည်ကို မြင်တွေ့နေရကြောင်း ဦးဖေသန်းကဆက်ပြောသည်။
ရခိုင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲနှစ်နှစ်ကျော်ကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များမှာလည်း ရခိုင်ပြည်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
“ဒီတစ်ခါတိုက်ပွဲဖြစ်လာရင် ကျွန်တော်တို့ ဒီမှာတောင်နေလို့ရပါ့မလားလို့ စိုးရိမ်နေမိတယ်။ တိုက်ပွဲဖြစ်မှာကိုတော့ မလိုလားဘူး။ ပြည်သူတွေက တော်တော်လည်းဒုက္ခရောက်ရတယ်။ အခုတောင်မှ သုံးနှစ်တောင်ရှိပြီ နေရပ်မပြန်နိုင်သေးဘူး”ဟု ရသေ့တောင်မြို့၊ သီရိဓမ္မာရုံစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ ဦးကျော်အေးထွန်းပြောသည်။
လက်ရှိ ရခိုင်ပြည်အတွင်းတွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသဖြင့်ဖမ်းဆီးခံရမှုများ တကျော့ပြန်ရှိလာနေပြီး စစ်ဆေးရေးဂိတ်များတွင်လည်း တင်းကျပ်စွာစစ်ဆေးမှုများကို စစ်ကောင်စီက လုပ်ဆောင်လာနေသည်။
စစ်ကောင်စီမှ ရခိုင်ဒေသအတွင်း စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများအားလုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန် ရက္ခိုင့်တပ်တော်(AA)က တိုက်တွန်းထားသည်။