- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပိုပြီးမဲပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီညွှန်ကြား
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်ကကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်မဲပိုပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ညွှန်ကြားလိုက်သည်။
27 Oct 2021
DMG ၊ အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်ကကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်မဲပိုပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ညွှန်ကြားလိုက်သည်။
သက်ဆိုင်ရာမြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ- ၅၉ နှင့်အညီ သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအားလုံးကို အကြောင်းကြားထားပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒရှင်စာရင်းများကို စိစစ်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ- ၅၃ အရ စိစစ်ခြင်းဖြစ်ပြီး စိစစ်တွေ့ရှိချက်များအရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းသည် ရွေးကောက်ပွဲပျက်ပြားစေရန် ဆောင်ရွက်ခြင်းဖြစ်၍ နောင်တွင်အဆိုပါပြစ်မှုမျိုး ကျုးလွန်မှုမရှိစေရေးအတွက် အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ရွေးကောက်ပွဲကာလတွင် မဲတစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခဲ့သူတစ်ဦးတည်းသာမက မဲရုံမှူးများအပါအဝင် တစ်ကြိမ်ထက်ပိုမဲပေးရန် အားပေးသည့် အဖွဲ့အစည်းများလည်း အပြစ်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။
“အဓိက မဲရုံမှူးတွေနဲ့ဆိုင်တယ်။ မဲရုံမှူးတွေက လူတစ်ယောက်နှစ်ခါမဲပေးတယ်ဆိုကတည်းက အဲဒီလူစာရင်းမှာ လက်မှတ်ထိုးပြီးမှပေးရတာဖြစ်တယ်။ ဆိုတော့ အဲဒီလူဟာ နောက်တစ်ခေါက်လာဖို့ဆိုတာမဖြစ်နိုင်ဘူး။ ပထမအကြိမ်လက်မှတ်ထိုးပြီးသား ဖြစ်နေတယ်။ နောက်ပြီးတော့ မှင်လက်မှတ်လည်းထိုးထားတယ်ဆိုတော့ပေါ့။ အဓိက ကော်မရှင်၊ မဲရုံမှူးတွေမှာအပြစ်ရှိတယ်။ အဲဒီလူတွေမှာလည်း အားပေးတဲ့အဖွဲ့စည်းအဖြစ် အပြစ်ရှိတယ်”ဟု ၎င်းကပြောသည်။
ယင်းသို့ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ- ၅၉ နှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်ရာ၌ မြို့နယ်/နယ်မြေရဲတပ်ဖွဲ့စခန်းများ၏ အကြောင်းပြန်ချက်အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)များအနေဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တင်ပြလာသည်ဟု စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှ ဆိုထားသည်။
မဲတစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးသူများကို အရေးယူဆောင်ရွက်ရန်ညွှန်ကြားချက်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က အသေးစိတ်မသိရှိရသေးကြောင်း ပြောကြားသည်။
တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၁၇၁-(ဃ)နှင့်(စ) အရ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
ယင်းကြောင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် တစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်များကို သက်ဆိုင်ရာတရားရုံးများတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁-(ဃ) ဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။