- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးရွာကိစ္စ လက်စားချေသွားမည်ဟု AA ထုတ်ပြန်
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်း ဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။
12 Nov 2022
DMG၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်း ဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန် ချက်တွင် နိုဝင်ဘာ ၁၀ ရက်၊ ညနေပိုင်း၌ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ဆင်အင်းကြီးကျေးရွာမှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာအတွင်းရှိ သက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးထက်မနည်းကိုလည်း ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် မြန်မာစစ်တပ်၏ယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ရာတွင် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် နိုဝင်ဘာ ၁၀၊ ၁၁ ရက်များတွင်လည်း ခမရ (၅၅၀) တပ်ရင်း၊ စစ်တွေ ပါဒလိပ်၊ ကွမ်းတောင် တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့ နယ်အတွင်း ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရကြောင်း AA ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲထက် နယ်မြေခံပြည်သူများကို ဦးတည်တိုက်ခိုက်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကိုသာ စစ်ကောင်စီတပ်များက အဓိက ဆက်တိုက် ပြုလုပ်လျက်ရှိပြီး လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ ပြည်သူကိုသာ ဦးတည်တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်မှာ သူရဲဘောကြောင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာလုပ်ရပ် ဖြစ်သည် ဟုလည်း AA က ဆိုထားသည်။
ရခိုင့် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ ULA/AA ရဲ့တပ်စခန်းတွေမတိုက်ဘဲ အခုလို့ ရွာတွေကို မီးရိူ့တယ်၊ ကျေးရွာသားတွေကို သတ်ဖြတ် တာတွေလုပ်နေတာကတော့ အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်တဲ့ အလုပ်မဟုတ်ဘူး။ အခုဆင်အင်းကြီး ကျေးရွာဖြစ်စဉ်လို့ နောက်ဖြစ်လာမယ်ဆိုရင် ဒီထက်မြင်ကွင်းတွေ ဆိုးရွားလာမယ်။ နောက်လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်ထိ ဦးတည်လာနိုင်တယ် ” ဟု DMG ကိုပြောသည်။
ယင်းအပြင် ဆင်အင်းကြီးကျေးရွာဖြစ်စဉ်မှာ စစ်ကောင်စီက ရခိုင်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ပုဒ်မများကို လည်း ကျူးလွန်ရာကျရောက် ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်သည်။
“ ဆင်အင်းကြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့ မြန်မာစစ်တပ်က ကျေးရွာကို ဝင်ပြီးတော့ နေအိမ်တွေကိုမီးတိုက်တယ်။ ကျေးရွာသားတွေကို သတ်ဖြတ်တဲ့ဆိုတာ ကတော့ စစ်ရာဇဝတ်မှုကျုးလွန်တာဖြစ်တယ်လို့ ကျနော်မြင်တယ် ” ဟု ရခိုင့်လူ့အခွင့်အရေးကာ ကွယ်မြှင့်တင်သူများ အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးမြတ်ထွန်းက ဆိုသည်။
ထိုသို့ ဆင်အင်းကြီးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။
လက်ရှိတွင် ရန်ကုန်- စစ်တွေ အဝေးပြေးလမ်းမကြီး စစ်တွေ - ပုဏ္ဏားကျွန်းလမ်းပိုင်းကို စစ်ကောင်စီက လမ်းပိတ်ထားသည့်အတွက် ပြည်းသူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော စားသောက် ကုန် ပစ္စည်းတို့မှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
လက်ရှိ ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီတပ်နှင့် AA တို့သည် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး ဒေသခံများမှာလည်း ဖမ်းဆီးခံရမှုများ တရိပ်ရိပ်မြင့်တက်လာနေသည်။