ရခိုင်တွင် ဆားကြမ်းထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းအထိကျဆင်းလာ

ရခိုင်ပြည်အတွင်းတွင် ဆားကြမ်းဈေးနှုန်းများ ယခင်ထက် ထက်ဝက်ခန့်ကျဆင်းလာသဖြင့် ဆားကြမ်းထုတ်လုပ်မှုမှာလည်း ၉၀ ရာခိုင်နှုန်းအထိကျဆင်းလာကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

25 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၅

ရခိုင်ပြည်အတွင်းတွင် ဆားကြမ်းဈေးနှုန်းများ ယခင်ထက် ထက်ဝက်ခန့်ကျဆင်းလာသဖြင့် ဆားကြမ်းထုတ်လုပ်မှုမှာလည်း ၉၀ ရာခိုင်နှုန်းအထိကျဆင်းလာကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ယခင်က ပေါက်တော၊ ကျောက်ဖြူနှင့် မြေပုံမြို့နယ်တို့တွင် တစ်နှစ်လျှင် ဆားကြမ်းပိဿာချိန်ပေါင်း တစ်သိန်းကျော်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ကထုတ်လုပ်သောဆားကြမ်းမှာ ပြည်မဘက်မှထုတ်လုပ်နေသည့်ဆားနှင့်နှိုင်းယှဉ်လျှင် အရည်အသွေး မပြည့်မှီသဖြင့် ဈေးကွက်အတွင်းထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိကြောင်းပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းကပြောသည်။

“လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး နေလှမ်းဆားကြမ်းကို ပိဿာချိန်တစ်ထောင်လောက်ပဲ ထုတ်နိုင်တော့တယ်။ ဆားကြမ်းထုတ်မှုက ၉၀ ရာခိုင်နှုန်းနီးပါး ကျသွားတယ်”ဟု ၎င်းကပြောသည်။

လက်ရှိရခိုင်ပြည်တွင် ဆားလုပ်ငန်းလုပ်ကိုင်သူ ၇၀ ဦးခန့်သာရှိပြီး ဈေးကွက်မရှိလျှင် နေလှမ်းဆားကြမ်း လုပ်ကိုင်သူများ တစ်စစဖြင့်ပျောက်ကွယ်သွားနိုင်ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

“ဆားတောင်သူတွေက ဈေးကောင်းမရတော့ အရှုံးပေါ်သွားတယ်။ နောက်အရည်အသွေးမကောင်းတော့ ပြည်ပကလူတွေက မလိုချင်ဘူး။ ရခိုင်ကဆားတွေက အရင်နှစ်ပေါင်းသုံးဆယ်လောက်ကလည်း ဒီနည်းပညာနဲ့ ထုတ်နေရတော့ ပြည်ပကလူတွေကမဝယ်ကြဘူးပေါ့။ ဆားတောင်သူတွေကလည်း အရှုံးပေါ်တော့ နောက်လုပ်ငန်းတစ်ခုကို ပြောင်းသွားကြတယ်”ဟု ဦးသန်းဝင်းကပြောသည်။

ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူများကို ခေတ်မီဆားစက်ကြီးများအသုံးပြုပြီး ဆားစက်များကို အဆင့်မြှင်တင်နိုင်မည်ဆိုလျှင် ပြည်တွင်းတွင်ဈေးကွက်ပြန်လည်ရရှိပြီး ပြည်ပမှဆားတင်သွင်းရသည့် ကိစ္စများကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များကဆိုသည်။

ဆားတောင်သူများကို ခေတ်မီနည်းပညာများအသုံးပြုနိုင်စေရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ နည်းပညာ ထောက်ပံ့ခြင်းများပြုလုပ်ပေးရန်လည်း ဆားလုပ်တောင်သူများက တောင်းဆိုကြသည်။

“အခုက ဆားကြမ်းကိုပဲလုပ်ကြရတယ်။ ဆားချောလုပ်မယ်ဆိုရင် စက်လိုတယ်။ နည်းပညာလိုတယ်။  အခုက ဆားချောထုတ်မယ်ဆိုရင် မြို့ကိုသွားရမှာဆိုတော့ စရိတ်ကပိုကုန်ကျတယ်”ဟု ဆားချက်လုပ်ငန်းလုပ်ကိုင်နေသူ ဦးမောင်ဝန်ချေက ပြောသည်။

လက်ရှိရခိုင်ကထုတ်လုပ်သည့်ဆားကြမ်းမှာ တစ်ပိဿကို ယခင်က ၁၀၀ ကျပ်ရှိရာမှ ယခုအချိန်တွင် ဆားကြမ်းတစ်ပိဿာ ၅၀ ကျပ်သာရှိကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ယင်းကဲ့သို့ဈေးနှုန်းကျဆင်းနေ၍ ယခင်နှစ်ကမရောင်းနိုင်သေးသည့်ဆားများကို သိုလှောင်ထားသည့်အတွက် နောက်နှစ်တွင် ဆားလုပ်ငန်းလုပ်ကိုင်ရန်မသေချာကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူ ဦးအေးသာအောင်က ပြောသည်။

ရခိုင်ပြည်မှထုတ်လုပ်သည့် ဆားကြမ်းဈေးနှုန်းမှာကျဆင်းလျှက်ရှိပြီး ဆားချောဈေးမှာ တစ်ပိဿာ ၂၅၀ ကျပ် ရရှိသော်လည်း ပြည်မဘက်မှတင်သွင်းသည့် ဆားချောဈေးကွက်မှာ တစ်ပိဿာ ၅၀၀ ကျပ်ခန့်ရရှိနေသည်။