ကျောက်ဖြူဒေသခံ ၈၀ ကျော်ထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီးထားဆဲ 

ရခိုင်စစ်ပွဲစတင်ချိန်မှစ၍ ကျောက်ဖြူမြို့နယ်အတွင်း ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး၊ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒေသခံ ၈၂ ဦးထက်မနည်းကို ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်သည်။  

By Admin 21 Jun 2024

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းတွေ့ရ‌သော ကျောက်ဖြူအကျဉ်းထောင်ရှေ့ မြင်ကွင်းတစ်ခု။ 
၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းတွေ့ရ‌သော ကျောက်ဖြူအကျဉ်းထောင်ရှေ့ မြင်ကွင်းတစ်ခု။ 

DMG ၊ ဇွန် ၂၁ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၈၀ ကျော်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်ကြောင်း DMG က စုံစမ်းသိရှိရသည်။

ရခိုင်စစ်ပွဲစတင်ချိန်မှစ၍ ကျောက်ဖြူမြို့နယ်အတွင်း ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး၊ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒေသခံ ၈၂ ဦးထက်မနည်းကို ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်သည်။  

ဖမ်းဆီးခံထားရသူများထဲတွင် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သာမန်အရပ်သားများပါဝင်ပြီး၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်သည်။

“အဖမ်းခံထားရတာ သုံးလလောက်ရှိပြီ။ ဘာကြောင့်ဖမ်းတာလည်း မသိရဘူး။ သေသွားပြီလား၊ ရှင်နေသေးလား ဆိုတာလည်း မသိရဘူး။ ဘာဆိုဘာမှမသိရတာ။ ရဲစခန်းမှာသွားပြီး စုံစမ်းတော့လည်း စစ်တပ်ကဖမ်းတာ ပလိပ်(ရဲ)နဲ့မသက်ဆိုင်လို့ ဘာမှပြောပိုင်ခွင့်မရှိဘူးလို့ ဖြေတယ်” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ 

ဖမ်းဆီးခံထားရသူများထဲမှ တချို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားပြီး တချို့ကို မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို မသိရပေ။ အမှုဖွင့်ထားသူတချို့ကို ကနဦးတွင် ရုံးထုတ်စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရုံးထုတ်စစ်ဆေးခြင်း မရှိတော့ကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ကုလဘာကျေးရွာမှ ဖမ်းဆီးခံသူတစ်ဦး၏ မိခင်က “ကျမသားက အိမ်မှာစားရေးသောက်ရေးကြပ်တည်းလို့ တောထဲဟင်းသွားရှာတဲ့အချိန် စစ်ကြောင်းနဲ့တွေ့လို အဖမ်းခံရတာ။ အခု ဘယ်မှာထိန်းသိမ်းထားလည်း မသိရဘူး။ မြို့ကိုသွားစုံစမ်းဖို့ကလည်း လမ်းပိတ်ထားတော့ ဝင်လို့မရဘူး။ သားအတွက် နေ့တိုင်း သောကရောက်နေရတယ်” ဟု ပြောသည်။

DMG စုံစမ်းချက်များအရ ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံများကို စစ်ကောင်စီ၏ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ခလရ (၃၄) တပ်ရင်းများနှင့် အချုပ်ထောင်တွင်ထိန်းသိမ်းပြီး မိသားစုနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။ 

ရခိုင်တွင် တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီသည် ဒေသခံများအား ပစ်မှတ်ထားဖိနှိပ်မှုများ လုပ်ဆောင်ကာ ဖမ်းဆီးသတ်ဖြတ်မှုများဖြင့် လူ့အခွင့်အရေးစံနှုန်းများကို ဆက်တိုက်ချိုးဖောက်နေသည်။ 

“ဖမ်းတယ်ဆိုရင် ဘာကြောင့်ဖမ်းတယ်ဆိုတာ မိသားစုတွေကို ပြောရမယ်။ ပြီးတော့ ဘယ်ပုဒ်မနဲ့အမှုဖွင့်ဖွင့် တရားရုံးထုတ်ပြီး စစ်ဆေးရမယ်။ အခုက သူတို့လုပ်ချင်သလိုလုပ်၊ ဖမ်းချင်သလိုဖမ်းပြီး အမျိုးမျိုး နှိပ်စက်နေကြတယ်။ ဒါဟာ လက်နက်အားကိုးနဲ့ တရားလက်လွတ်လုပ်နေတာဖြစ်တယ်” ဟု ကျောက်ဖြူမြို့မှ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကျောက်ဖြူဒေသခံများ ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ကို DMG က ဆက်သွယ်သော်လည်း အဆင်မပြေခဲ့ပေ။

ဗီဒီယိုများ