ရခိုင် ရေငံပုစွန်များ ဝယ်လိုအားကျ၍ လုပ်ငန်းရှင်များ အရှုံးပေါ်

ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ စစ်တွေ စသည့်မြို့နယ်များမှ ရေငံပုစွန်များကို ရန်ကုန်သို့ တင်ပို့နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်လမှစပြီး ဝယ်လိုအားကျဆင်းသွားကြောင်း လုပ်ငန်းရှင်များက ပြောသည်။ 

By Admin 10 Aug 2023

မင်းပြားမြို့ရှိ ပုစွန်အဝယ်ဒိုင်တစ်ခုအား ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
မင်းပြားမြို့ရှိ ပုစွန်အဝယ်ဒိုင်တစ်ခုအား ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဩဂုတ် ၁၀ 

ရခိုင်ဒေသမှတင်ပို့သည့် ရေငံပုစွန်များကို ပြည်မဘက်က ဝယ်ယူမှုကျဆင်းနေပြီး ဈေးကောင်းလည်းမရသဖြင့် ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း သိရသည်။ 

ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ စစ်တွေ စသည့်မြို့နယ်များမှ ရေငံပုစွန်များကို ရန်ကုန်သို့ တင်ပို့နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်လမှစပြီး ဝယ်လိုအားကျဆင်းသွားကြောင်း လုပ်ငန်းရှင်များက ပြောသည်။ 

“ပုစွန်အရောင်းအဝယ်က အခုနောက်ပိုင်း အဆင်မပြေဘူး။ ဈေးလည်း မရဘူး။ ပြည်မဘက်က ဝယ်လိုအားလည်း အရင်လို မကောင်းတော့ ဒီဘက်ကဒိုင်တွေမှာ အမြတ်မထွက်တဲ့အပြင် အရှုံးလည်းပေါ်သေးတယ်” ဟု ကျောက်ဖြူမြို့မှ ပုစွန်ဒိုင်ပိုင်ရှင် ကိုသန်းမြင့်က ပြောသည်။

ယခင်က အမြင့်ဆုံးဈေးနှုန်း ငွေကျပ် ၅၅,၀၀၀ ရရှိခဲ့သည့် ရေငံပုစွန်တစ်ပိဿာကို လက်ရှိတွင် ငွေကျပ် ၅၀,၀၀၀ ဖြင့်ရောင်းချနေရပြီး ပုစွန်အမျိုးအစားအလိုက် ဈေးနှုန်းမှာ ငွေကျပ် ၅,၀၀၀ ဝန်းကျင်အထိ ကျဆင်းသွားကြောင်း သိရသည်။ 

စစ်တွေမြို့မှ ပုစွန်ရောင်းဝယ်ရေးဒိုင်ပိုင်ရှင် ကိုအေးထွန်းမောင်က “အခုက ပြည်မဘက်မှာ ပုစွန်တွေ အရင်ကလို ဈေးမရလို့ ရခိုင်မှာပဲ ရောင်းလိုက်ကြတာတွေရှိတယ်။ ပြည်မဘက်ကဒိုင်တွေ ပြောတာကတော့ ငွေကြေးအကျပ်အတည်းကြောင့်လို့ ပြောတယ်။ ငွေကြေးလည်ပတ်မှုက ပုံမှန်မဟုတ်တဲ့အတွက် ပုစွန်လည်း အရင်လို ဈေးကောင်းမရတာတွေ ဝယ်လိုအားကျဆင်းတာတွေ ဖြစ်တာ” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်းက စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ယင်းအထဲမှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့မှ ရေငံပုစွန်များကို ရန်ကုန်သို့ အဓိက တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။ 

လက်ရှိတွင် ဝယ်လိုအားကျဆင်းသွားသဖြင့် ပြည်မဘက်သို့ ရေငံပုစွန်များ တင်ပို့ရောင်းချရာတွင် အကြွေးစနစ်ဖြင့် ရောင်းချနေရခြင်းများရှိသည်ဟု တောင်ကုတ်မြို့မှ ပုစွန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ 

“ပုစွန်က ရန်ကုန်ကို တစ်လမှာ နှစ်ကြိမ် တင်ပို့ရတယ်။ အရင်ကဆိုရင် ပုစွန်တောင် မတင်ပို့ရသေးဘူး ကြိုတင်ငွေ ပေးထားပြီ။ အခုကတစ်ခေါက် တင်ပို့လိုက်တာ ငွေမရဘူး။ နောက်တစ်ခေါက်တင်ပို့မှ ပထမတစ်ခေါက်က ငွေကိုရတယ်။ အဲလိုမျိုး အကြွေးရောင်းနေရတာ။ ဝယ်လိုအားမရှိတာကြောင့် အတင်းရောင်းနေရသလိုမျိုးပေါ့” ဟု ၎င်းက ပြောသည်။

ရခိုင်တွင် ဒီရေတောများပြုန်းတီးလာမှုကြောင့် သား၊ ငါး၊ ပုစွန် အစရှိသည့် ရေနေသတ္တဝါများ တဖြည်းဖြည်း နည်းပါးလာနေပြီး ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းသူများမှာ အခက်ကြုံနေကြသည်။ 

#R005

ဗီဒီယိုများ