ရခိုင်က အရေးပေါ်လူမှုကူညီရေးအဖွဲ့များ ရပ်နားရမည့်အရေးနှင့်ကြုံနေရ

ဒေသမတည်ငြိမ်မှု၊ စီးပွားရေးအကြပ်အတည်းများကြောင့် အလှူငွေနည်းပါးခြင်း၊ လမ်းခရီးပိတ်ဆို့ခံထားရခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် ရုန်းကန်နေရကြောင်း အဖွဲ့တာဝန်ရှိသူများက ပြောကြသည်။ 

By Admin 04 Jul 2024

ရခိုင်က အရေးပေါ်လူမှုကူညီရေးအဖွဲ့များ ရပ်နားရမည့်အရေးနှင့်ကြုံနေရ

DMG ၊ ဇူလိုင် ၄

ရခိုင်ဒေသအတွင်း အရေးပေါ်လူမှုကူညီရေးများ လုပ်ဆောင်နေကြသော အဖွဲ့အစည်းများမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် လက်ရှိကာလတွင် ရပ်နားရမည့်အရေးနှင့် ကြုံတွေ့နေရသည်။ 

ဒေသမတည်ငြိမ်မှု၊ စီးပွားရေးအကြပ်အတည်းများကြောင့် အလှူငွေနည်းပါးခြင်း၊ လမ်းခရီးပိတ်ဆို့ခံထားရခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် ရုန်းကန်နေရကြောင်း အဖွဲ့တာဝန်ရှိသူများက ပြောကြသည်။ 

ထို့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရခြင်းကလည်း အရေးပေါ်လူမှုကူညီရေး လုပ်ဆောင်ရန် အခက်အခဲဖြစ်စေကြောင်း မြောက်ဦးအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက အရေးပေါ်ကူညီရေးတွေလုပ်ဖို့ တော်တော်လေးအခက်အခဲရှိတယ်။ ပထမတစ်ချက်က ဖုန်းလိုင်းမရတာ။ ဘယ်မှာ ဘာဖြစ်နေမှန်းမသိတော့ ကျနော်တို့အလုပ် မလည်ပတ်နိုင်ဘူး။ ဓာတ်ဆီဈေးကလည်း အဆမတန် မြင့်တက်နေတော့ လည်ပတ်နိုင်ဖို့ မလွယ်သေးဘူး” ဟု သူက ပြောသည်။

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် လူမှုကူညီရေးအသင်းအဖွဲ့များ လည်ပတ်နေသော်လည်း ဆက်သွယ်ရေးပြတ်တောက်နေမှုကြောင့် အလှူငွေလက်ခံရရှိမှုပိုင်းတွင် အားနည်းနေကြောင်း တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ဆဲမြို့နယ်များတွင် အသင်းအဖွဲ့တချို့ လည်ပတ်မှုရှိနေသေးသော်လည်း ရန်ပုံငွေမရှိတော့၍ ကူညီမှုရပ်နားရမည့်အရေးနှင့် ကြုံနေကြရသည်။ လက်ရှိတွင် ရခိုင်တောင်ပိုင်းဒေသ၌ တိုက်ပွဲများပြင်းထန်နေပြီး အရေးပေါ် ထိခိုက်ဒဏ်ရာရ လူနာများကို ကူညီပေးရန်အတွက် အခက်အခဲများ ရှိနေကြသည်။ 

“အခုကာလမှာ လူနာဆီကလည်း အလှူငွေတောင်းခံလို့ မဖြစ်ဘူး။ လူနာအများစုက ဓာတ်ဆီဖိုးတောင် မတတ်နိုင်ကြဘူး။ ကိုယ့်အိတ်ထဲက စိုက်လုပ်နေရတော့ ကြာလာရင် ရပ်နားရမယ့်အနေအထား ဖြစ်နေတယ်” ဟု ဂွမြို့နယ်အခြေစိုက် အရေးပေါ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူမှုကူညီရေးအဖွဲ့များ မလည်ပတ်နိုင်သည့် အကျိုးဆက်အဖြစ် ငွေကြေးမတတ်နိုင်သူများနှင့် အရေးပေါ်လူနာများ အတွက် များစွာနစ်နာရကြောင်း လူမှုကူညီရေးလုပ်ဆောင်သူများက ပြောကြသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ၇ လကျော် ကြာလာပြီးနောက် ပြည်သူများမှာ ဆေးဝါးအပြင် စားနပ်ရိက္ခာလည်း ပြတ်တောက်နေပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်သည့်ဒဏ်ကို ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ