လုံ/နယ်ဝန်ကြီး လက်မှတ်ပါမှသာ ကုန်ပစ္စည်းများတင်သွင်းခွင့်ရ၍ ကားသမားနှင့်လုပ်ငန်းရှင်များ အခက်တွေ့

ရန်ကုန်၊ မန္တလေးစသည့် ပြည်မဘက်မှ ကုန်ပစ္စည်းများကို ရခိုင်ပြည်သို့ တင်သွင်းရာတွင် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ခွင့်ပြုချက်လက်မှတ်ပါမှသာ သယ်ယူခွင့်ပြုသဖြင့် အချိန်ကြန့်ကြာသည့်အတွက် လုပ်ငန်းထိခိုက်မှုရှိနေကြာင်း လုပ်ငန်းရှင်များထံမှ သိရသည်။

05 Feb 2022

ရခိုင်ပြည်နယ်စစ်ကောင်စီ၏ အစည်းအဝေးတွင်တွေ့ရသည့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ။ (ဓါတ်ပုံ - သိကြားစေချင် ငွေသဇင် လူမှုကွန်ယက်စာမျက်နှာ)

DMG ၊ ဖေဖော်ဝါရီ ၅

ရန်ကုန်၊ မန္တလေးစသည့် ပြည်မဘက်မှ ကုန်ပစ္စည်းများကို ရခိုင်ပြည်သို့ တင်သွင်းရာတွင် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ခွင့်ပြုချက်လက်မှတ်ပါမှသာ သယ်ယူခွင့်ပြုသဖြင့် အချိန်ကြန့်ကြာသည့်အတွက် လုပ်ငန်းထိခိုက်မှုရှိနေကြာင်း လုပ်ငန်းရှင်များထံမှ သိရသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခု၊ ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ အမ်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များဖြင့် တင်ဆောင်လာသောကုန်ပစ္စည်း အသေးစိတ်စာရင်းများကို စစ်ဆေးခံရပြီး လုံ/နယ် ဝန်ကြီး၏ ခွင့်ပြုချက်လက်မှတ်ပါမှသာ ဖြတ်သန်းသွားလာခွင့်ပြုနေခြင်းဟု ဆိုကြသည်။ ထိုသို့ ခွင့်ပြုချက် တင်ရန်လိုအပ်ခြင်းမှာ လုံခြုံရေးအရ လိုအပ်သောကြောင့် စစ်ကောင်စီဘက်က ပြောဆိုထားသည်ဟု သိရသည်။

“ လက်ရှိအခြေအနေမှာ အဆင့်တစ်ခုတော့ ပိုပြီးတော့ လုပ်ပေးနေရတယ်။ ပါမစ်တင်ရတာက အဲ့လောက် အခက်အခဲမရှိဘူး။ ပါမစ်ကိုတင်ပြဖို့အတွက် လုပ်ရတဲ့အပိုင်းကခက်ခဲတယ်။ ပါလာမယ့် ပစ္စည်းတွေကို ဘယ်ကားနဲ့ပါလာမယ်။ အဲ့ကားဆရာနာမည်၊ မှတ်ပုံတင်နံပါတ်တွေ ကားနံပါတ်တွေကို အတိအကျ တင်ပေးနေရတော့ နည်းနည်းလောက်ခက်ခဲမှုတွေရှိတယ်လို့ ” ဟု ရခိုင်ပြည်နယ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးတင်အောင်ဦးက DMG သို့ ပြောသည်။

ထိုသို့ အခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးသဖြင့် ကုန်ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်လာသဖြင့် ပြည်သူလူထုအပေါ်မှာ ရိုက်ခတ်မှုများရှိနေသည်ဟု သိရသည်။

ရန်ကုန်-စစ်တွေသို့ ကုန်ပစ္စည်းများ တင်ပို့နေသည့် ကေသီဦးကားဂိတ်မှ ဦးမောင်ဝင်းရွှေက “ လမ်းခရီးမှာ ကုန်ကားတစ်စီး ရန်ကုန်က ထွက်လာရင် စစ်တွေမြို့ကို (၂) ညအိပ်နဲ့‌ရောက်မှာကို (၄)၊ (၅) ရက်ကြာတဲ့ အခါလည်း ကြာသွားတယ်။ အဲလိုမျိုး အခက်အခဲတွေရှိတယ်။ ဒီတော့ ကုန်စည်စီးဆင်းမှု နှောင့်‌နှေးသွားတယ်ပေါ့” ဟု ပြောသည်။

ယင်းအခက်အခဲတို့ကို ဖြေရှင်းပေးရေးနှင့် ဖြေလျှော့ပေးရေးအတွက် စစ်တွေမှ ကားဂိတ်မှူးတို့နှင့် လုံနယ်ဝန်ကြီးအပါဝင် စစ်ကောင်စီတာဝန်ရှိသူတို့ တွေ့ဆုံမှုတခုပြုလုပ်ခဲ့ရာတွင် လုံနယ်ဝန်ကြီးက သက်ဆိုင်ရာကို အဆင့်ဆင့်တင်ပြပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ အဆင်မပြေသေးကြောင်း ဦးမောင်ဝင်းရွှေက ပြောသည်။

ယင်းသို့ ကုန်တင်ယာဉ်မောင်းနှင့် ကုန်သည်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံသို့ DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယခင် မြန်မာစစ်တပ်နှင့် ရခိုင်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့စဉ်က ဆန်နှင့် အခြားသော ရိက္ခာများ သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့မှုရှိခဲ့သော်လည်း ယခုအခါ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ယခင်ထက်ကုန်ပစ္စည်း စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာခဲ့ခြင်းလည်းဖြစ်ကြောင်း ကုန်ကားယဉ်မောင်းတို့က ပြောဆိုကြသည်။