ကျိန္တလီမြို့ကနေ စစ်ကောင်စီ တပ်ဆုတ်ခွာ

ကျိန္တလီမြို့ရှိ ရဲစခန်း၊ ထွေအုပ်၊ စည်ပင်၊ EPC စသည့် ရုံးများတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက် ညနေပိုင်းမှစ၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။

By Admin 14 Aug 2024

ဓာတ်ပုံ - ပုံဟောင်းဖြစ်ပါသည်။
ဓာတ်ပုံ - ပုံဟောင်းဖြစ်ပါသည်။

DMG ၊ ဩဂုတ် ၁၄ 

အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို မခံနိုင်တော့၍ ဂွမြို့နယ်၊ ကျိန္တလီမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာသွားကြောင်း  ကျိန္တလီဒေသခံများထံမှ သိရသည်။

ကျိန္တလီမြို့ရှိ ရဲစခန်း၊ ထွေအုပ်၊ စည်ပင်၊ EPC စသည့် ရုံးများတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက် ညနေပိုင်းမှစ၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ 

“၁၁ ရက်နေ့ကစလို့ မြို့ထဲမှာ လက်နက်ငယ်သံ၊ လက်နက်ကြီးသံတွေနဲ့ ဆူညံနေတာ။ မနေ့က ညနေပိုင်း လောက်ကစပြီး မြို့ထဲမှာ အပစ်အခတ်တွေ ရပ်သွားတယ်။ စစ်ကောင်စီတပ်သားတွေ ဆုတ်သွားပြီလို့ သိရတယ်” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်သားများမှာ မြို့မှဆုတ်ခွာကာ ကျိန္တလီမြို့တောင်ဘက် ကျိန္တလီ - ဂွကားလမ်းပေါ်ရှိ ကုလားပြင်ကျေးရွာ(ရတနာမြိုင်)တွင် တပ်စွဲထားကြောင်း သိရသည်။

အဆိုပါနေရာသို့ ဂွမြို့မှ စစ်ကူအင်အားများဖြင့် အခိုင်အမာတပ်စွဲထားပြီး ကုလားပြင်ကျေးရွာတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေကြောင်း ပြောဆိုကြသည်။

ကျိန္တလီတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့တွင်း အပျက်အစီးများရှိခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ကျိန္တလီမြို့မှ လူမှုကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

“မြို့ထဲကိုတော့ ဝင်လို့မရသေးဘူး။ မီးလောင်တာတွေရော၊ လေကြောင်းက ဗုံးကြဲတာတွေရော အပျက်အစီး တော်တော်များတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်။ အတိအကျတော့ မသိသေးဘူး” ဟု လူမှုကူညီရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။

ကျိန္တလီတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် AA ပြောခွင့်ရသူတို့ကို DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။ 

ကျိန္တလီဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်စွဲနေသည့် ကုလားပြင်(ရတနာမြိုင်)၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင် စသည့်ကျေးရွာများမှ ဒေသခံများမှာလည်း တိမ်းရှောင်နေကြရသည်။

ဂွမြို့နယ်တွင် သံတွဲမှစစ်ဘေးရှောင်များအပါအဝင် နေရပ်စွန့်ခွာသူဦးရေ တိုးများလာနေပြီး အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှုများ လိုအပ်နေကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ဂွဒေသခံများမှာ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ဘက်သို့ တိမ်းရှောင်သူများပြားနေပြီး စစ်ကောင်စီ၏ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း သိရသည်။