ရခိုင်က ၅ နှစ်နှင့်အထက် ကျောင်းသားတစ်သိန်းခုနှစ်သောင်းကျော်ကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး

ရခိုင်ပြည်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ရှိသည့် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများကို ဇူလိုင်လ ၂ ရက်နေ့မှစ၍ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးလျက်ရှိရာ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၁၇၄၂၁၄ ဦးအထိ ထိုးနှံပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှသိရသည်။

26 Jul 2022

DMG ၊ ဇူလိုင် ၂၆

ရခိုင်ပြည်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ရှိသည့် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများကို ဇူလိုင်လ ၂ ရက်နေ့မှစ၍ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးလျက်ရှိရာ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၁၇၄၂၁၄ ဦးအထိ ထိုးနှံပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှသိရသည်။

“ဇူလိုင်လ ၂ ရက်နေ့ကနေ ၂၄ ရက်ထိ ကျောင်းသူ၊ကျောင်းသား ၁၇၄၂၁၄ ယောက်ထိကို ဒုတိယအကြိမ်မြောက် ထိုးနှံပြီးစီးထားပါပြီ။ ရာခိုင်နှုန်းအရဆိုရင်တော့ ၅၈ ဒသမ ၁၁ ရာခိုင်နှုန်းရှိတယ်”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ငြိမ်းက DMG သို့ပြောသည်။

လက်ရှိရခိုင်တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးထားသည့် ကျောင်းသားကျောင်းသူဦးရေမှာ ဇူလိုင်လ ၂၃ ရက်နေ့ထိ ၂၉၇၅၈၂ ဦးရှိပြီး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ကျောင်းသား၊ကျောင်းသူဦးရေမှာ ၄၃၆၅၆ ကျန်ရှိနေသေးကြောင်း သိရသည်။

ယင်းသို့ ပထမအကြိမ်ထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား၊ကျောင်းသူများကို ဆက်လက်ထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပြီး တစ်ဆက်တည်းတွင်လည်း ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးနေကြောင်း ဦးအောင်ကျော်ငြိမ်းက ဆက်ပြောသည်။

“ပထမအကြိမ်သမားရော ဒုတိယအကြိမ်သမားတွေကိုပါ ဘယ်သူမှမကျန်ရအောင် ကျနော်တို့ဘက်က နေ့စဉ်ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ဦးအောင်ကျော်ငြိမ်းကဆိုသည်။

လက်ရှိ ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့် အချို့ကျောင်းများမှ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံခေါင်ဖျားသည့်နေရာမှ ဖြစ်နေသည့်အတွက် ရာနှုန်းပြည့်မထိုးနှံနိုင်သေးခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများကပြောသည်။

ကျောင်းသားများကို ထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinopharm ဆေးအမျိုးအစားဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို အချိန်(၂၈)ရက်အကြာတွင် ဒုတိယအကြိမ် ထိုးပေးနေခြင်းလည်းဖြစ်သည်။

လက်ရှိမှာ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေပြီး စာရင်းအတိအကျကို လတ်တလောတွင်မသိနိုင်သေးဟု ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ငြိမ်းကပြောသည်။