မြေသြဇာဈေးနှင့် ဆီဈေးမြင့်တက်နေမှုကြောင့် တောင်သူများ ယခုနှစ်စပါးစိုက်ပျိုးရန် အခက်တွေ့နေကြ

ယခုနှစ် မြေဆီမြေသြဇာဈေးနှင့် ဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှတောင်သူများမှာ စပါးစိုက်ပျိုးရန် အခက်တွေ့နေကြရသည်။

28 May 2022

DMG ၊ မေ ၂၈

ယခုနှစ် မြေဆီမြေသြဇာဈေးနှင့် ဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှတောင်သူများမှာ စပါးစိုက်ပျိုးရန် အခက်တွေ့နေကြရသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က မြေဆီတစ်အိတ်လျှင် ငွေကျပ်သုံးသောင်းခွဲသာရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ်တစ်သိန်းကျော်အထိ မြင့်တက်လျက်ရှိနေသည်။ ဒီဇင်ဆီဈေးနှုန်းမှာလည်း ယခင် ၂ နှစ်ခန့်က တစ်ပီပါလျှင် ငွေကျပ်နှစ်သိန်းဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၅ သိန်းကျော်အထိ မြင့်တက်လျက်ရှိနေသည်။

“ဒီလိုသာ ဈေးတက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး စပါးစိုက်ပျိုးကြမလဲ။ ကုန်ကျမယ့်စရိုက်တွေကို တွက်ကြည့်တော့ စပါးစိုက်ပျိုးဖို့ကို စဉ်းစားရမယ့်အနေအထားဖြစ်နေတယ်”ဟု ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးအေးသာအောင်ကပြောသည်။

ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ထွီးကလည်း “လယ်သမားတွေအားလုံးက ဒီနှစ်စပါးစိုက်ဖို့အတွက်ကို ရင်လေးနေကြတယ်”ဟုဆိုသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စစ်တမ်းအရ ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးရေးဧက ၁၂ သိန်းခွဲကျော်ရှိပြီး လက်ရှိဧက ၉ သိန်းခန့်သာ စပါးစိုက်ပျိုးကြောင်း သိရသည်။

၂ နှစ်ခန့်ကြာဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများနှင့် လယ်ယာသုံးပစ္စည်းများ ဈေးမြင့်တက်မှုတို့ကြောင့်လည်း ရခိုင်တွင် စပါးစိုက်ဧကလျော့ကျခဲ့ရကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က စပါးစိုက်ဧကငါးသောင်းကျော်အထိ လျှော့ကျခဲ့သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

အဆိုပါသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြက “ဒီနေ့အချိန်အခါမှာ လယ်သမားတွေက ဘယ်လိုလုပ်ပြီး ဘယ်လိုကိုင်ရမလဲဆိုတာတောင် ကမ်းမမြင်လမ်းမမြင်တဲ့ အခြေအနေဖြစ်နေကြတယ်။ မြေဆီဈေး၊ ဒီဇယ်ဈေးက သုံးလေးဆလောက် တက်နေတော့ လယ်သမားတွေအတွက် အရမ်အခက်အခဲရှိတယ်။ ဒီလိုမျိုးသာဆိုရင် စပါးစိုက်သူ နည်းလာဖို့ဘဲရှိတယ်”ဟု ဆိုသည်။

ယခုနှစ်တွင် ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန်အတွက် ရခိုင်ပြည်အတွင်းက သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့မှ မြို့နယ်စိုက်ပျိုးရေးရုံးများသို့ ဓာတ်မြေသြဇာအိတ် ၆၀၀၀ ချပေးထားသည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတို့က DMG သို့ ပြောကြားထားသည်။

တစ်ဖက်တွင်လည်း တောင်သူများမှာ စိုက်ပျိုးရေးစရိတ်ချေးငွေကို ပြန်မဆပ်နိုင်၍ ယခုနှစ်တွင် စိုက်ပျိုးရေးစရိတ်ချေးငွေ မရရှိကြတော့ကြောင်း တောင်သူများထံမှသိရသည်။

ရခိုင်တွင် ၂၀၂၁ ခုနှစ်က စိုက်ပျိုးရေးချေးငွေယူသည့်တောင်သူ ၃ သောင်းကျော်ရှိခဲ့ပြီး ယခုပြန်ဆပ်ချိန်တွင် ချေးငွေပြန်ဆပ်သည့်တောင်သူဦးရေ ၁၀၀၀ ကျော် (၇)ရာခိုင်နှုန်းခန့်သာရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။