စစ်တွေ-မြေပုံ-ကျောက်ဖြူ ခရီးစဉ်ကို ကစ္ဆပနဒီအမြန်ရေယာဉ် မနက်ဖြန်စတင်ပြေးဆွဲမည်

ရခိုင်တွင်ပြေးဆွဲနေသည့် ကစ္ဆပနဒီအမြန်ရေယာဉ် ရေကြောင်းလိုင်း စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးစဉ်ကို မနက်ဖြန်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

10 Aug 2021

DMG ၊ ဩဂုတ် ၁၀

ရခိုင်တွင်ပြေးဆွဲနေသည့် ကစ္ဆပနဒီအမြန်ရေယာဉ် ရေကြောင်းလိုင်း စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးစဉ်ကို မနက်ဖြန်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရေကြောင်းလိုင်းကို ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ကွယ်ရန်အတွက် ပြီးခဲ့သည့်ဇူလိုင်လ ၂၀ ရက်နေ့က ရပ်နားထားလိုက်ခြင်းဖြစ်ပြီး  လက်ရှိတွင် ပြေးဆွဲခွင့်ပြုရန် တင်ပြလာမှုပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြေးဆွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

အမည်မဖော်လိုသည့် ကစ္ဆပနဒီအမြန်ရေယာဉ် မန်နေဂျာက "ကျနော်တို့သင်္ဘာက မနက်ဖြန်စပြီးပြေးဆွဲသွားပါမယ်။ ပုံမှန်အတိုင်းပဲပြေးဆွဲသွားမယ်။ ကိုဗစ်စည်းကမ်းအတိုင်း ပြေးဆွဲရမှာပေါ့။ လက်ဆေးတာ၊ Mask တပ်တာလုပ်ရမှာပေါ့နော်။ ပြီးတော့ သင်္ဘောမှာက အခုလက်ရှိမှာ ခရီးသည်တွေကလည်း အရမ်းပါမှာ မဟုတ်သေးဘူးလေ။ခရီးသည်တွေကို ကိုဗစ်ကမ်းနဲ့အညီ ၄ ခုံခွာ တစ်ယောက်ထိုင် ၄ ခုံခွာတစ်ယောက်ထိုင် အဲလိုတင်သွားမယ်။ ကျနော်တို့ကတော့ သင်္ဘာကိုဆေးအကုန်ဖြန်းပြီးပြီးဖြစ်တယ်။ ဈေးနှုန်းကတော့ ပုံမှန်တိုင်းပြေးဆွဲဖို့ ကနဦးစီစဉ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

ရခိုင်တွင်ပြေးဆွဲနေသည့် ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန်စသည့် အမြန်ရေယာဉ်များမှာလည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ရန်အတွက် ခရီးစဉ်အားလုံးယာယီရပ်ထားရကြောင်း သိရသည်။