- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေတက္ကသိုလ်တွင် ဓမ္မာရုံတည်ဆောက်မှုကို ဘာသာရေးဖိနှိပ်မှုအဖြစ် ကျောင်းသားများကရှုမြင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် ဓမ္မာရုံတည်ဆောက်မည့်အစီအစဉ်ကို ဘာသာရေးအရဖိနှိပ်မှုအဖြစ် ကျောင်းသားများကရှုမြင်ကြပြီး ဓမ္မာရုံတည်ဆောက်မည်ကိုလည်း ကန့်ကွက်မှုများရှိနေကြသည်။
25 Nov 2021
DMG ၊ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် ဓမ္မာရုံတည်ဆောက်မည့်အစီအစဉ်ကို ဘာသာရေးအရဖိနှိပ်မှုအဖြစ် ကျောင်းသားများကရှုမြင်ကြပြီး ဓမ္မာရုံတည်ဆောက်မည်ကိုလည်း ကန့်ကွက်မှုများရှိနေကြသည်။
ထိုသို့ကန့်ကွက်မှုများရှိသော်လည်း စစ်တွေတက္ကသိုလ်အတွင်း ဓမ္မာရုံဆောက်လုပ်မှုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် တာဝန်ရှိသူများကပြောသည်။
စစ်တွေတက္ကသိုလ်တွင် ဓမ္မာရုံဆောက်လုပ်ရန် ၂၀၁၇ ခုနှစ်မှ စတင်ကြိုးပမ်းခဲ့ရာ ကျောင်းသားများ၏ကန့်ကွက်မှုကြောင့် အချိန်ကြန့်ကြာခဲ့ရကြောင်း စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးကပြောသည်။
“ကျောင်းသားတွေကန့်ကွက်တာကြောင့် ဒီလိုမျိုး အချိန်တွေကြန့်ကြာခဲ့ရတာ။ ဒါပေမဲ့လည်း သံဃာတော်တွေက ဒီလိုမျိုးဓမ္မာရုံကရှိသင့်တယ်လို့ မိန့်ကြားတယ်လေ။ အဲဒါကြောင့် ဒီအစီအစဉ်ကိုလုပ်ကြတာဖြစ်ပါတယ်။ ကျောင်းသားတွေကတော့ ဒီကိစ္စအပေါ်မှာ သဘောမကျတဲ့ပုံစံမျိုးပြတာတွေရှိခဲ့တယ်။ အခုလည်းရှိနေတယ်ပေါ့၊ ဒါပေမဲ့အနည်းစုပါ၊ သူတို့ပြောတာက တခြားဘာသာဝင်တွေလည်းရှိတယ်ပေါ့နော်”ဟု ၎င်းကပြောသည်။
စစ်တွေတက္ကသိုလ်တွင် အခြားသာဘာဝင် ကျောင်းသားကျောင်းသူများလည်းတက်ရောက်နေသည့်အတွက် သာဘာရေးကိစ္စ ကင်းရှင်းစေလိုကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဘုန်းပြည့်ဖြိုးကပြောသည်။
လက်ရှိ စစ်တွေတက္ကသိုလ်တွင် ဆောက်လုပ်မည့်ဓမ္မာရုံကို တက္ကသိုလ် ဆရာ၊ဆရာမများက အဓိကဦးဆောင်ပြုလုပ်နေခြင်းဖြစ်သည်။
ယင်းသို့ဆောက်လုပ်မှုကို ကန့်ကွက်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းက ပြောသည်။
“ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားဟောင်းတွေက ဓမ္မာရုံဆောက်လုပ်မယ့်အစီအစဉ်ကို လာတင်ပြတယ်။ ကျနော်တို့ဘက်ကလည်း ဘာမှကန့်ကွက်စရာမရှိပါဘူး။ ဘာသာရေးအရ အခုလိုမျိုးကိစ္စတွေမလုပ်ရဘူးဆိုတာလည်း ကျနော်တို့ကပြောမထားပါဘူး။ တက္ကသိုလ်နဲ့ကျောင်းတွေမှာ သူတို့ရဲ့အလှူငွေနဲ့ သူတို့ဓမ္မာရုံဆောက်မှာကို ကျနော်တို့က ကန့်ကွက်စရာအကြောင်းမရှိပါဘူး”ဟု ၎င်းကပြောသည်။
ကျောင်းသားများကန့်ကွက်မှုရှိသော်လည်း ဓမ္မာရုံကို ဆက်လက်လုပ်ဆောင်ခြင်းမှာ ဘာသာရေးအရ ဖိနှိပ်လာခြင်းဖြစ်သကဲ့သို့ ကျောင်းသားသမဂ္ဂဦးဆောင်ပါဝင်မှုအပိုင်းကိုလည်း ဖိနှိပ်လာခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုတိုးတိုးအောင်ကပြောသည်။
“ဒီလိုလုပ်တာက အများကြီး ဘာသာရေးအရဖိနှိပ်လိုက်တာလို့မြင်တယ်။ ကျနော်တို့လူအသိုင်းအဝိုင်းက ဒါတွေကိုလက်မခံတော့ဘူး။ ရခိုင်လူအသိုင်းအဝိုင်းက ကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့ အနာဂတ်တစ်ခုကိုသွားနေတဲ့အချိန်ဖြစ်တယ်။ ဒါကို ဒီလိုမျိုးလာပြီးတော့ ခွဲခွဲခြားခြားလုပ်တာက တခြားဘာသာမတူတဲ့မျိုးနွယ်စုတွေနဲ့ ကျနော်တို့သမဂ္ဂတွေကြားမှာ ပြဿနာတွေဖြစ်လာအောင်လုပ်တာလို့ပဲ ကျနော်တို့မြင်တယ်။ နောက်တစ်ခုက အခုချိန်မှာ သူတို့က သမဂ္ဂတွေကိုဂုတ်ချိုးလိုက်တာလို့မြင်တယ်။ ခေါင်းမဖော်နိုင်အောင် ပါဝါအရလုပ်နေတာလို့မြင်တယ်”ဟု ၎င်းကဆိုသည်။
စစ်တွေတက္ကသိုလ်အတွင်း ဓမ္မာရုံကို ကျပ်သိန်းပေါင်းသုံးထောင်အကုန်ကျခံကာ ဆောက်လုပ်သွားရန်စီစဉ်ထားပြီး လက်ရှိမှာ အလှူငွေ ကျပ်သိန်းတစ်ထောင်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအလှူငွေများမှာ တက္ကသိုလ်ဆရာ၊ဆရာမများနှင့် အခြားစေတနာရှင်များမှ လှူဒါန်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းဓမ္မာရုံကို ၂ နှစ်မှ ၃ နှစ်အတွင်း အပြီးတည်ဆောက်ရန်စီစဉ်ထားကြောင်း စစ်တွေတက္ကသိုလ် တာဝန်ရှိသူများထံမှသိရသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ တောင်ကုတ်ဒီဂရီကောလိပ်တွင်လည်း ဓမ္မာရုံဆောက်လုပ်မည်ဆိုသည့်သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီမှ စီမံအုပ်ချုပ်နေသည့်အနေအထားဖြစ်သောကြောင့် ယခုအချိန်တွင် ဘာမှတုန့်ပြန်ဆောင်ရွက်သွားမည်မဟုတ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများ စီမံခွင့်ရှိသည့်အချိန်မှသာ ကျောင်းသားများလိုချင်သည့်အခြေအနေကို ဖန်တီးသွားမည်ဖြစ်ကြောင်း တောင်ကုတ်ဒီဂရီကောလိပ်မှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသော်ဇင်ထွန်းကပြောသည်။