စွန်ရဲမြစ်တွင် လျှစ်စစ်လိုင်းကြိုး နိမ့်ဆင်းနေသဖြင့် ရေကြောင်း ခရီးသွားများ အန္တရာယ်ဖြစ်နေရ

ရခိုင်ပြည်၊ ပေါက်တော- မင်းပြားကားလမ်းပေါ်ရှိ စွန်ရဲမြစ်ကို ဖြတ်သွယ်ထားသည့် စွန်ရဲတံတားအနီးတွင် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများမှာ နိမ့်ဆင်းနေသဖြင့် မြစ်ကိုဖြတ်သန်းသွားသူများမှာ မကြာခဏ ဆို သလို ဓာတ်လိုက်သေဆုံးမှုများရှိ နေကြသည်။

09 Jul 2022

စွန်ရဲတံတားအနီးရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးအားတွေ့ရစဉ်။ (ဓါတ်ပုံ - CJ)

DMG ၊ ဇူလိုင် ၉

ရခိုင်ပြည်၊ ပေါက်တော- မင်းပြားကားလမ်းပေါ်ရှိ စွန်ရဲမြစ်ကို ဖြတ်သွယ်ထားသည့် စွန်ရဲတံတားအနီးတွင် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများမှာ နိမ့်ဆင်းနေသဖြင့် မြစ်ကိုဖြတ်သန်းသွားသူများမှာ မကြာခဏ ဆို သလို ဓာတ်လိုက်သေဆုံးမှုများရှိ နေကြသည်။

ထိုသို့ ဓာတ်အားလိုင်းကြိုးများနိမ့်ဆင်းနေသည့် အတွက် ဒေသတွင်း ရေလုပ်သားများ၊ ခရီးသွားစက်လှေ များနှင့် ပြည်သူတို့မှာ အသက်အန္တရာယ်များ ရှိနေကြခြင်းဖြစ်သည်။

“ အခုဆိုရင် မိုးရာသီလည်းဖြစ်တယ်၊ နောက်ပြီးတော့ ဒီရေတွေမြင့်တက်လာရင် ရေလုပ်သားတွေနဲ့ လမ်းသွား၊ လမ်းလာတဲ့ သူတွေအတွက် အများကြီး အန္တရာယ်ရှိတယ်။ အထူးသဖြင့် တံတားအလယ်က ဆိုရင် လုံးဝ သွား လိုမရဘူး။ ဟိုတလောကဆိုရင် ဓာတ်လိုက်ပြီးသေသွားတဲ့သူတွေရှိတယ်။ နောက် ပြီးတော့ ဆေးရုံတက်ရတဲ့ သူတွေလည်းရှိပါတယ် ” ဟု မင်းပြားမြိုနယ် စွန်ရဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းလှ က ပြောသည်။

ယင်းဓာတ်အားလိုင်းကြိုးမှာ ဖုံးထားသည့် ပြင်ပအကာအကွယ် မပါရှိသည့်အပြင် မိုးသည်းထန်စွာရွာသွန်းချိန် နှင့် ဒီရေတက်ချိန်ဆိုလျှင် မြစ်ရေပြင်နှင့် တံတားမှာ  ၃ ပေခန့်သာ ရေပြင် ကင်းလွတ်အမြင့်ပေ ရှိနေကြောင်း လည်း ဦးကျော်သောင်းလှက ရှင်းပြသည်။

အဆိုပါ ဓာတ်အားလိုင်းကြိုး နိမ့်ကျနေခြင်းကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က လျှပ်စစ်ကြိုးကိုထိမိ၍ စွန့်ရဲဒေသခံ ၁ ဦး ဓာတ်လိုက်ကာ ဆေးရုံတင်ခဲ့ရသည်။

ယင်းအပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်ကလည်း ပေါက်တောမြို့နယ် ဖဒူကျေးရွာမှ စက်လှေတစ်စီး မှာ အဆိုပါ တံတားတွင် ဝါယာကြိုးလျှော့ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

လက်ရှိတွင် ထိုသို့ ဓာတ်အားလိုင်းကြိုးများ နိမ့်ဆင်းနေသည့်အတွက် မိုးများပြီး ဒီရေမြင့်တက်လာပါက တံတားကို မဖြတ်ရဘဲ စောင့်ဆိုင်းနေရကြောင့် ဒေသခံများက ပြောဆိုကြသည်။

“တချို့စက်လှေကြီးတွေဆိုရင် မသွားနိုင်ဘူး။ စောင့်ဆိုင်းနေရတာ တွေရှိတယ်။ စက်လှေငယ်တွေဆို ရင် ဘေးနားကသွားလိုရတယ်။ ဒေသခံတွေ အနေနဲ့ စိုးရိမ်းမှု ရှိတာပေါ့။ အဲဒီကြိုးကို မပြုပြင်ရန် နောက်ထပ်လည်း လူတွေ ဒုက္ခရောက်နိုင်တယ်။ နောက်ပြီးတော့ အချိန်မရွှေ့သွားလာနေကြတာကို။ အဲဒီဓာတ်အားကြိုးကို ပြုပြင်ဖို့လိုအပ်ပါတယ် ” ဟု စွန်ရဲကျေးရွာသား ဦးမောင်ဦးဖြူ က ပြောသည်။

အဆိုပါ ဓာတ်အားလိုင်းကြိုး နိမ့်ဆင်းနေမှုနှင့် ပတ်သက်ပြီး ဒေသခံတို့က ပေါက်တောမြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူများကို တိုင်ကြားထားသော်လည်း လာရောက်ပြုပြင်မှုများ မရှိသေးကြောင်း စွန်ရဲရွာသားများက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး လျှပ်စစ်ဦးစီးဌာန၊ပေါက်တောမြို့နယ် လျှပ်စစ်မှူး ဦးကျော်မျိုးဝင်းက အဆိုပါ ဓာတ်လိုင်းကြိုးအား လိုင်းအသစ်ပြုလုပ်သွားရန် စီစဉ်နေပြီး လျှပ်စစ်ဌာန တာဝန်ရှိသူများကို တင်ပြထားကာ လာမည့်လတွင် စတင်ပြုပြင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဦးကျော်မျိုးဝင်းက “ အဲဒီဓာတ်အားလိုင်းကို ကျွန်တော်တို့ တိုင်းတာပြီးတော့ ပြန်လုပ်ဖို့ အထက်ကို တင်ပြထားတယ်။ ဓာတ်အား လိုင်းအသစ်လုပ်ဖို့ လုပ်နေပါ တယ်။ ဒီလထဲမှာ မဟုတ်ရင်၊ ရှေ့လလောက်ဆိုရင် လုပ်ဖြစ်မယ်။ လက်ရှိက အမြင့်ပေ ၁၈ မီတာရှိ တယ်။ အခုလုပ်မှာက လောလောဆယ် ပြောထားတာက ၂၄ မီတာ ပြောထားတယ်။ ၆ မီတာမြင့်သွား မယ်” ဟု ဆိုသည်။

စွန်ရဲမြစ်သည် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ကို ခြားထားပြီး မြစ် ကြောင်းတစ်လျှောက်တွင် ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ် စသည့် မြို့နယ် အသီးသီးမှ ရေလုပ်သားများ၊ ကျောက် သဲတင် စက်လှေများ၊ ခရီးသည်တင် စက်လှေများမှာ လူမှုရေးကိစ္စ၊ အလုပ်ကိစ္စတို့ဖြင့် နေ့စဉ် ဖြတ်သန်း သွားလာနေရကြောင်းလည်းသိရသည်။