အလုပ်ရပ်နားခံထားရသည့် စစ်ဘေးရှောင်စခန်းမှ TA ဆရာ၊/ မ ၉ ဦး၏ အယူခံ ထူးခြားမှုမရှိ

ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ အလုပ်ရပ်နားခံထားရသည့် စစ်ဘေးရှောင်စခန်းရောက် TA ကျောင်းဆရာ/မ ၉ ဦး၏ အလုပ်ပြန်ခန့်အပ်ပေးရန် တောင်းဆိုထားသည့် အယူခံတင်လွှာမှာ ၂ လကြာသည့်တိုင်း တစုံတရာထူးခြားမှုမရှိသေးကြောင်း ကာယ ကံရှင်များထံမှ သိရသည်။

21 Aug 2022

ရခိုင်တွင် စာသင်ကြားနေသည့် စာသင်ခန်းတစ်ခု။

DMG ၊ ဩဂုတ် ၂၁

ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ အလုပ်ရပ်နားခံထားရသည့် စစ်ဘေးရှောင်စခန်းရောက် TA ကျောင်းဆရာ/မ ၉ ဦး၏ အလုပ်ပြန်ခန့်အပ်ပေးရန် တောင်းဆိုထားသည့် အယူခံတင်လွှာမှာ ၂ လကြာသည့်တိုင်း တစုံတရာထူးခြားမှုမရှိသေးကြောင်း ကာယ ကံရှင်များထံမှ သိရသည်။

အဆိုပါအယူခံတင်လွှာကို မြို့နယ်ပညာရေးမှူးရုံး၊ ပြည်နယ်ပညာရေးမှူးရုံးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသို့ လိပ်မူပြီး ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ကာ တင်သွင်းခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်ထိ မည်သည့်တုန့်ပြန်မှုမှမရရှိသေးကြောင်းဆရာမ ဒေါ်အေးကျော့ကပြောသည်။

“ဒါနဲ့ပတ်သက်ပြီး ကျမတို့ကို သေချာရေရာတဲ့အဖြေမျိုး တရားဝင်အကြောင်းပြန်တာ ဘာတစ်ခုမှမရှိသေးဘူး။ မြို့နယ်ပညာရေးမှူးကတော့ နားလည်မှုသဘောနဲ့ ကျောင်းပြန်တက်ခိုင်းခဲ့တယ်။ ဒါပေမယ့် ကျမတို့ကို တရားမဝင်တော့ဘူးဆိုပြီး ဇူလိုင်လ ၂၇ ရက်နေ့မှာ အလုပ်ပြန်ဖြုတ်ခဲ့တယ်။ အခုကျမတို့က အဲဒီတင်ခဲ့တဲ့ အယူခံလွှာနှင့်ပတ်သက်ပြီး တရားဝင်အကြောင်းပြန်လာမယ့်နေ့ကိုမျှော်နေတာ”ဟု ဆရာမ ဒေါ်အေးကျော့ကပြောသည်။

အဆိုပါ TA ဆရာ/မများမှာ ဒေါ်အေးကျော့၊ ဒေါ်ခိုင်နုအေး၊ ဦးကျော်နိုင်ထွန်း၊ ဒေါ်မအေးစိုး၊ဒေါ်ညိုညိုသိန်း၊ ဒေါ်ခိုင်ခိုင်ဝေ၊ ဒေါ်အေးစောနွယ်၊ ဦးအောင်မြင့်စိုး၊ ဦးအောင်သန်းတို့ ဖြစ်ကြပြီး ၎င်းတို့သည် ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသူများဟု သိရသည်။

၎င်းတို့သည့် ယခုပညာသင်နှစ်ကျောင်းစဖွင့်သည့်အချိန်တွင် ရွာမရှိ၊ ကျောင်းမရှိသည့်အတွက် အလုပ်မဆင်းရဘဲဖြစ်နေခဲ့ရာမှ အလုပ်ဆင်းခွင့်ရရှိရန် ကျောင်းဖွင့်ပြီးရက်ပိုင်းအကြာတွင် သက်ဆိုင်ရာဌာနများသို့ အယူခံလွှာတင်ပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက် ဇွန်လ ၁၄ ရက်နေ့တွင် မြို့နယ်ပညာရေးမှူး၏ ညွှန်ကြားချက်အရ ယာယီအလုပ်ဆင်းခွင့်ရရှိခဲ့ကြပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် တရားမဝင်တော့ဟုဆိုကာ ပြန်လည်အလုပ်ရပ်နားခံရခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ရပ်နားခံထားရသည့် ကျောင်းဆရာ ဦးကျော်နိုင်ထွန်းကလည်း “ကျနော်တို့က အစိုးရခန့်အပ်ထားတဲ့ ပညာရေးဝန်ထမ်းဆိုပြီး ကိုယ့်ကိုယ်ကိုယ်မှတ်ယူခဲ့ကြတာ။ အခုကျတော့ ကျနော်တို့ဖက်ကပျက်ကွက်တာ ဘာမှမရှိဘဲ သူတို့လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြောပြီး အလုပ်ဖြုတ်ခံရတော့ ကျနော်တို့မှာအခက်အခဲဖြစ်ရတာပေါ့။ ဒါကို သူတို့အနေနဲ့ ပြန်စဉ်းစားပေးစေချင်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါကျောင်းဆရာမ ၉ ဦးကို ၂၀၁၉ ခုနှစ်မှ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ တိုင်းရင်းသားစာပေသင်ကြားရေး နေ့စားလပေးကျောင်းဆရာအဖြစ် ကျောက်တော်မြို့နယ် ပြိုင်းတိုင်း (အ.လ.က)၊ ကွမ်းဇွဲ(မူလွန်)၊ ကျောက်တန်း(အ.မ.က)၊ မုန့်သန်းပြင်(အ.မ.က)၊ တင်းမ(အ.ထ.က(ခွဲ)၊ တင်းမသစ်(အ.မ.က)၊ အထက်တင်းမ(မူလွန်)နှင့် ကျော်ရွှီပြင်(အ.မ.က) ကျောင်းတို့တွင် ပညာရေးဝန်ကြီးဌာနမှ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့စာသင်ပြနေသည့် ကျေးရွာများအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာများမီးရှို့ခံရကာ လက်ရှိအချိန်တွင် နေအိမ်များမရှိတော့သလို စာသင်ကျောင်းများပိတ်ကာ စစ်ဘေးရှောင်စခန်းများသို့ တိမ်းရှောင်လာခဲ့ရခြင်းဖြစ်သည်။

၎င်းတို့သည် စစ်ရှောင်စခန်းများတွင်ခိုလှုံရင်း ရွာမရှိ၊ ကျောင်းမရှိဘဲဖြစ်နေစဉ် သက်ဆိုင်ရာဌာနများသို့ အယူခံလွှာတင်ပြခဲ့ကြပြီးနောက် ကျောက်တော်မြို့နယ်ပညာရေးမှူး၏ ညွှန်ကြားချက်အရ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ကာ မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းအချို့တွင် တွဲဖက်ဆ ရာအဖြစ်လုပ်ကိုင်နေရင်း ယခုကဲ့သို့ အလုပ်ရပ်နားခံရခြင်းဖြစ်ကြောင်း ဆရာမ ဒေါ်ညိုညိုသိန်းကပြောသည်။

“ကျမတို့ကို နဂိုခန့်ထားတဲ့ကျောင်းတွေမှာပဲ စာပြရမယ်။ အခု ရွာမရှိ၊ ကျောင်းမရှိဘဲ အခြားကျောင်းတွေမှာဘဲ တွဲဖက်သင်နေရတဲ့အတွက် အလုပ်နားရမယ်တဲ့။ နဂိုကျောင်းတွေဖွင့်မှ ပြန်ခန့်မယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒီကျောင်းတွေကို ကျမတို့က ပိတ်ထားတာမဟုတ်ဘူးလေ။ အခုကျမတို့က ကယ်ဆယ်ရေး စခန်းမှာနေရတဲ့အတွက် အခက်အခဲတွေကအများကြီးပဲ။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ ကိုယ်ချင်းစာပေးသင့်တယ်”ဟု ဒေါ်ညိုညို သိန်းကပြောသည်။

ထို့အပြင် တွဲဖက်အဖြစ်သင်ကြားပြသခဲ့သည့် ယခုနှစ်ဇွန်လနှင့် ဇူလိုင်လ(၂ -လစာ)အတွက် တစ်လလျှင်လစာငွေ ကျပ် ၁ သိန်း ၃ သောင်းကိုလည်း မရရှိသေးကြောင်း ၎င်း၏ပြောဆိုချက်အရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့ ၉ ဦးကို TA မူအရ အလုပ်ရပ်နား ထားခိုင်းခြင်းဖြစ်ပြီး ပြန်ခန့်အပ်ရန်မသေချာကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က DMG ကို ပြောသည်။

“သူတို့က တိုင်းရင်းသားစာသင်တဲ့ ဆရာ၊ ဆရာမတွေဆိုတော့ အယူခံတင်ထားပေမယ့်လည်း မူအရ နေရာပြောင်းရွှေ့လို့မရဘူး။ ရွာတစ်ရွာမှာခန့်ထားပြီးပြီဆိုရင် အဲဒီရွာမှာဘဲသင်ရမယ်။ အဲဒီရွာ အဲဒီကျောင်း မရှိတော့ဘူးဆိုရင် နောက်တစ်ရွာကို ပြောင်းလို့မရတဲ့အတွက် အလုပ်ကထွက်ရမယ်။ အဲလိုသဘောပါပဲ”ဟု ဦးဘထွီးစိန်ကပြောသည်။

အဆိုပါ TA ကျောင်းဆရာ/မတို့သည် လက်ရှိ ကျောက်တော်မြို့ရှိ နေပူခံကယ်ဆယ်ရေးစခန်း၊ သိမ်ပြင်ကယ်ဆယ်ရေးစခန်း၊ ကဝိရတနာကယ်ဆယ်ရေးစခန်းနှင့် ရထားဘူတာကယ်ဆယ်ရေးစခန်း စသည့်စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သည်ဟု သိရသည်။