ပလက်ဝတွင် လမ်းပိတ်ထား၍ မြို့ပေါ်သို့လစာလာထုတ်သည့် ဆရာ၊ဆရာမ ၂၀ ခန့် တာဝန်ကျကျေးရွာများသို့ မပြန်နိုင်သေး

ပလက်ဝမြို့နယ်တွင် လမ်းများပိတ်ထားသောကြောင့် လစာလာထုတ်သည့် နယ်မှဆရာ၊ဆရာမ ၂၀ ခန့်မှာ မြို့ပေါ်တွင် တစ်ပတ်ခန့်ကြာပိတ်မိနေကြောင်း သတင်းရရှိသည်။

07 Sep 2022

DMG ၊ စက်တင်ဘာ ၇

ပလက်ဝမြို့နယ်တွင် လမ်းများပိတ်ထားသောကြောင့် လစာလာထုတ်သည့် နယ်မှဆရာ၊ဆရာမ ၂၀ ခန့်မှာ မြို့ပေါ်တွင် တစ်ပတ်ခန့်ကြာပိတ်မိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂ ရက်နေ့မှစ၍ မြန်မာစစ်တပ်၏ ခလရ ၂၈၉ တပ်ရင်းက စက်လှေများသွားလာခွင့်ကိုပိတ်ထား၍ မြို့ပေါ်သို့လစာလာထုတ်သည့် ဆရာ၊ဆရာမများမှာ မိမိတို့တာဝန်ကျနေသည့် စာသင်ကျောင်းများသို့ မပြန်နိုင်သေးခြင်းဖြစ်သည်။

“ပလက်ဝနယ်ဘက်က ဆရာ၊ဆရာမတွေ ပလက်ဝမြို့ပေါ်ကို လစာလာထုတ်ကြတာ။ လမ်းပိတ်ထားတော့ သူတို့ နေရပ်မပြန်ရဘူး။ ပလက်ဝမြို့ပေါ်မှာပဲ နေနေရတယ်။ စက်လှေဆိုရင် ဘယ်စက်လှေမှမသွားရဘူး။ ဟင်းသီးဟင်းရွက်တွေတင်တဲ့ စက်လှေတောင်မသွားရဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

မည်သည့်အတွက်ကြောင့် သွားလာခွင့်ပိတ်ထားသည်ကို မသိရသေးဘဲ ပလက်ဝမြို့ပေါ်တွင် ငွေကြေးအကုန်အကျများစွာဖြင့် နေထိုင်နေရသည်ဟု ကျီးလည်ကျေးရွာမှ ကျောင်းဆရာတစ်ဦးက DMG သို့ပြောသည်။

“လမ်းပိတ်မှာကိုမသိလို့ လစာလာထုတ်တာပါ။ နေရပ်ပြန်မယ် လုပ်တော့ လမ်းကပိတ်ထားပြီ။ ဘာကြောင့်ပိတ်ထားလဲဆိုတာတော့ မသိဘူး။ သူတို့ပြောတာကတော့ မျှောစာတင်ထားတယ်။ မျှောစာ မကျသေးလို့တဲ့။ အခက်အခဲကတော့ ကျနော်တို့က ရွာမှာနေတာဆိုတော့ ပိုက်ဆံသိပ်မကုန်ဘူးလေ။ အခုက မြို့ပေါ်မှာဆိုတော့ ငွေအကုန်အကျများတယ်။ အချိန်တွေလည်းကုန်တယ်”ဟု ပြောသည်။

ပလက်ဝမြို့နယ်မှ ကျီးလည်ရွာ၊ ကွမ်းဘုတ်ရွာ (အရှေ့၊ အနောက်)၊ ပန္နဲတစ်ပင်ရွာ၊ ကျောက်ပန်ထောက်ရွာနှင့် ကြွေသောင် စသည့်ကျေးရွာများမှာ ဆရာ၊ ဆရာမဦးရေ ၂၀ ကျော်မှာ နေရပ်မပြန်နိုင်ဖြစ်နေကြသည်။

ပလက်ဝမြို့နယ်အထက်ပိုင်းတွင် လမ်းပိတ်ထား၍ လစာလာထုတ်သည့် ဆရာ၊ဆရာမများအပြင် ဆေးခန်းလာပြသည့်ဒေသခံ များမှာလည်း နေရပ်မပြန်နိုင်ဘဲ မြို့ပေါ်တွင်နေထိုင်နေရကြောင်း သိရသည်။

“ပလက်ဝအထက်ပိုင်းမှာ ဂိတ်တွေတော့ပိတ်ထားတယ်။ လစာ ထုတ်ဖို့လာတဲ့ ဆရာ၊ဆရာမတွေ မပြန်ရတာကတော့ အထက်ပိုင်းမှာ နည်းနည်းတိုက်ပွဲဖြစ်နေတော့ လမ်းပိတ်ထားတာဖြစ်မယ်။ နောက်တစ်ရက်နှစ်ရက်နေရင်တော့ လမ်းပြန်ဖွင့်မယ်လို့တော့ ကြားတယ်။ ကျွန်မကတော့ ဆေးခန်းလာပြတာဖြစ်လို့ ခွင့်တိုင်ပြီးလာခဲ့တာ၊ မပြန်ရသေးဘူး”ဟု ပန္နဲတစ်ပင်ကျေးရွာမှ ဆရာမတစ်ဦးက DMG သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါ။

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာလျက်ရှိနေသည်။