သံတွဲခရိုင်တွင် နှစ်ရက်အတွင်း ကိုဗစ်လူနာ ၃ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်တွင် ၂ ရက်အတွင်း ကိုဗစ်အတည်ပြု လူနာ ၃ ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှသိရသည်။

14 Jul 2021

ptoto - တောင်ကုတ်မြို့တွင် ယနေ့ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှုအား သယ်ယူနေစဉ်

DMG ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်တွင် ၂ ရက်အတွင်း ကိုဗစ်အတည်ပြု လူနာ ၃ ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှသိရသည်။

အဆိုပါသေဆုံးမှှုမှာ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်မြို့တွင် ရောဂါအခံရှိသည့် အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦးနှင့် အသက် ၆၆ နှစ်အရွယ်တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ်ဆေးရုံအုပ် ဒေါက်တာလှထွန်းဇော်က ပြောသည်။

"မနက်က အမျိုးသား ၂ ဦးသေဆုံးသွားပါတယ်။ အဲဒီထဲမှာ ၂၄ နှစ်အရွယ် လူငယ်တစ်ဦးပါတယ်။ သူ့မှာက တီဗီရောဂါအခံရှိတယ်။ အောက်ဆီဂျင်ပြတ်လပ်ပြီးသေတာမဟုတ်ပါဘူး။ သေဆုံးသူနှစ်ဦးစလုံးက ရောဂါအခံရှိသူတွေပါ။ အောက်စီဂျင်ကတော့ လုံလောက်မှုရှိပါတယ်” ဟု သူကပြောဆိုသည်။

သံတွဲခရိုင်ဆေးရုံတွင်လည်း ဇူလိုင်လ ၁၃ ရက်နေ့က အောက်ဆီဂျင်ပေးထားရသည့် အရေးပေါ်လူနာတစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်း ပြောသည်။

"မနေ့က တစ်ဦးသေဆုံးတယ်။ သူက တောင်ကုတ်ကဖြစ်တယ်။ ဒီမှာ ဆေးရုံကိုယူလာတော့ လူနာက တော်တော်အခြေအနေဆိုးနေပြီ။ ရောက်ပြီးအောက်ဆီဂျင်ပေး ကုသပေမယ့် မရလိုက်တော့ဘူး” ဟု ဆိုသည်။

သံတွဲမြို့နယ် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသည့် ဆရာတော်ဦးတေဇိန္ဒက သံတွဲမြို့နယ်ဆေးရုံအတွင်း အောက်ဆီဂျင်အရေးပေါ်လိုအပ်နေပြီး အရေးပေါ်လူနာများအတွက် အောက်စီဂျင်ပေးရန် အခက်အခဲရှိမည်ကို စိုးရိမ်နေရသည်ဟု မိန့်သည်။

"အောက်ဆီဂျင်သယ်ဖို့ လွှတ်ထားတဲ့ကားတွေက မရောက်သေးဘူး။ အခုအောက်ဆီဂျင်က တစ်ရက်စာမပြည့်တော့ဘူး။ အရေးပေါ်လိုနေပြီ။ အောက်ဆီဂျင်ပြတ်ပြီး လူနာတွေ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ဆရာတော်ကမိန့်သည်။

သံတွဲခရိုင်အတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထိ ရှိလာနေပြီး ကူးစက်သူဦးရေမှာ ၂၀၀ နီပါးအထိ ရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။