စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ထိုင်း ကူညီမည်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mongkol Visitstump သည် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြိုင်နှင့် ဩဂုတ် ၆ ရက်က နေပြည်တော်တွင်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

By Admin 07 Aug 2024

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာ ပေးအပ်နေစဉ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာ ပေးအပ်နေစဉ်။

DMG ၊ ဩဂုတ် ၇ 

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး လာမည့် အောက်တိုဘာလ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းများတွင် ထိုင်းနိုင်ငံမှ ကူညီမည်ဖြစ်ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mongkol Visitstump သည် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြိုင်နှင့် ဩဂုတ် ၆ ရက်က နေပြည်တော်တွင်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းအပေါ် လိုအပ်တာတွေရှိရင် ထိုင်နိုင်ငံက ပံ့ပိုးကူညီဆောင်ရွက်ပေးမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်” ဟု ဖော်ပြထားသည်။ 

သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူမည့် အစီအစဉ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ဆိုသည်။ 

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်ရန် စစ်ကောင်စီက စီစဉ်ထားသည်။  

ရွေးကောက်ပွဲအတွက်ကူညီမည်ဟု ပြောဆိုခြင်းမှာ မြန်မာနိုင်ငံတဝန်း လူသားမျိုးနွယ်များအပေါ် စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျုးလွန်နေခြင်းကို အားပေးထောက်ခံရာရောက်သည်ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

“နိုင်ငံတဝန်းက ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ကြည်း၊ ရေ၊ လေတွေနဲ့ သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ပြောဆိုတာက စစ်ကောင်စီကို အားပေးရာရောက်တယ်။ ဒါတွေကို ရှောင်ရှားသင့်တယ်။ ထိုင်းနိုင်ငံအနေနဲ့ စစ်ကောင်စီကို ထောက်ခံနေတာကိုလည်း အမြန်ဆုံးရပ်တန့်သင့်တယ်” သူက ပြောသည်။ 

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အာဆီယံအပါအဝင် နိုင်ငံတကာကို တောင်းဆိုထားသည်။

စစ်ကောင်စီသည် ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကရင်နီ၊ စစ်ကိုင်း စသည့်ဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တပ်စခန်းများအပါအဝင် မြို့ပေါင်း ၇၀ ကျော်ကို လက်လွှတ်ရှုံးထားရသည်။

“စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဖြစ်လာနိုင်ခြေက သိပ်အားနည်းတယ်။ မြို့တွေ ဆက်တိုက်အသိမ်းခံနေရတော့ နောက်ဆုံးမှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတောင် ရှိမယ်မထင်ဘူး” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းကို ရသည့်နေရာတိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကန့်သတ်ချက်ရှိသည့် နေရာမျာ၌လည်း ကောက်ယူနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။ 

သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်း လုပ်ငန်းစဉ် ၄ ရပ်ကို ၂၀၂၆ ခုနှစ်၊ မတ်လအထိ လုပ်ဆောင်သွားမည်ဖြစ်ဟု ဆိုထားသည်။