ကျောက်ဖြူတွင် မိုးကြိုးပစ်ခံရ၍ ပဉ္စမတန်းကျောင်းသားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်အုပ်စု ကူတို့ဆိပ်ကျေးရွာတွင် ယမန်နေ့(သြဂုတ် ၂ ရက်) နေလည်ပိုင်းက မိုးကြိုးပစ်ခံရ၍ ပဉ္စမတန်းကျောင်းသားတစ်ဦး သေဆုံးပြီး ကျန်ကျောင်းသားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

03 Aug 2022

DMG ၊ ဩဂုတ် ၃

ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်အုပ်စု ကူတို့ဆိပ်ကျေးရွာတွင် ယမန်နေ့(သြဂုတ် ၂ ရက်) နေလည်ပိုင်းက မိုးကြိုးပစ်ခံရ၍ ပဉ္စမတန်းကျောင်းသားတစ်ဦး သေဆုံးပြီး ကျန်ကျောင်းသားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

သေဆုံးသူမှာ ကူးတို့ဆိပ်ရပ်ကွက်နေ အသက် ၁၂ နှစ်အရွယ် မောင်သားစေ့ကေဖြစ်ပြီး ဒဏ်ရာရရှိသူမှာလည်း ၁၂ နှစ်အရွယ် မောင်ဝေရန်စိုးနှင့် မောင်သက်ဝေရန်တို့ဖြစ်ကြသည်။

၎င်းတို့သုံးဦးမှာ ကူတို့ဆိပ်ကျေးရွာ အ.လ.က စာသင်ကျောင်းတွင် တက်ရောက်နေသည့် ပဉ္စမတန်းကျောင်းသားများဖြစ်ကြပြီး ကူတို့ဆိပ်ကျေးရွာ စက်လှေဆိပ်အနီး ရေကူးရန်ပြင်ကြစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်ဟု ပန်းတောပြင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဝင်းကဆိုသည်။

“သူတို့က ဘုတ်ဆိပ်(စက်လှေဆိပ်)မှာ ရေသွားကူးကြတာလို့ ပြောတယ်။ မိုးကြိုးအပစ်ခံရတာက သူတို့သုံးယောက်စလုံးကို အပစ်ခံရတာ၊ သူတို့အပစ်ခံရတော့ အားလုံးက မြေကြီးပေါ်မှာ လဲပြီးတော့ သတိမေ့နေတာ၊ ဒါပေမယ့် နှစ်ယောက်ကတော့ ကံကောင်းတယ်လို့ပြောရမယ်၊ တစ်ယောက်ကတော့ ဆုံးသွား ရှာတယ်”ဟု ဦးမောင်မြင့်ဝင်းကပြောသည်။

ပန်းတောပြင်ရွာနှင့် ကူးတို့ဆိပ်ကျေးရွာတို့သည် ရွာလယ်၌ ဈေးတခုသာခြားထားပြီး အနီးစပ်ဆုံးကျေးရွာများဖြစ်ကြသည်။

ဒဏ်ရာရရှိသူနှစ်ဦးမှာ ခန္ဓာကိုယ်အနှံ့ ညိုမည်းဒဏ်ရာများရှိနေပြီး လက်ရှိတွင် ပန်းတောပြင်ကျေးလက်ကျန်းမာရေးဆေးခန်းတွင် ဆေးကုသမှုခံယူထားကြောင်း ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဦးမောင်မြင့်ဝင်းကဆက်ပြောသည်။

“သူတို့ နည်းနည်းသက်သာလာပြီလို့ ပြောတယ်။ ကျန်းကျန်းမာမာရှိနေပြီဆိုတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ထင်ပါတယ်''ဟု ဦးမောင်မြင့်ဝင်းကဆိုသည်။

သေဆုံးသူ မောင်သားစေ့ကေကိုလည်း ယနေ့နေ့လည် ၁ နာရီအချိန်တွင် ကူတို့ဆိပ်သုဿန်၌ သဂြိုလ်ခဲ့သည်ဟုသိရသည်။

ရခိုင်တွင် ယခုနှစ် အပူချိန်မြင့်သောကြောင့် ယခင်နှစ်များထက် မိုးကြိုးအကြိမ်ရေများစွာပစ်မည်ဖြစ်ကာ မိုးကြိုးအန္တရာယ်ပိုများကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောဆိုထားသည်။

ရခိုင်တွင် မိုးကြိုးအန္တရာယ်ကြောင့် နှစ်စဉ် အသက်သေဆုံးမှုများ ရှိနေသည်။ ပြီးခဲ့သည့်ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ် ဥဒေါင်းကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ရသည်။

ယင်းအပြင် ဇွန်လ ၁၃ ရက်နေ့တွင် ပေါက်တောမြို့နယ် ရီပဒေသာကျေးရွာမှ အမျိုးသားတစ်ဦး၊ ဇွန်လ ၂ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် မေလ ၃ ရက်နေ့တွင် အမ်းမြို့နယ်မှ အမျိုးသမီးတစ်ဦးတို့မှာ မိုးကြိုးထိမှန် သေဆုံးခဲ့ရသည်။